ထိုင်းအစိုးရက မင်းအောင်လှိုင်ကို BIMSTEC ညီလာခံတက်ရန် ဖိတ်ကြားသည်ဆိုသည့်အပေါ် အရပ်ဘက်အဖွဲ့များ အပြင်းအထန်ရှုတ်ချ
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဘင်းမ်စတက်(BIMSTEC) ညီလာခံ တက်ရောက်ရန် ထိုင်းအစိုးရက ဖိတ်ကြားသည်ဆိုသည့်အပေါ် အပြင်းအထန် ရှုတ်ချကြောင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသည့် မြန်မာအရပ်ဘက်အဖွဲ့အစည်းများက ယနေ့ထုတ်ပြန်ကြေညာခဲ့ကြသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လာမည့် ဧပြီ ၃ ရက်နှင့် ၄ ရက်နေ့များတွင် ကျင်းပမည့် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးသို့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားထားကြောင်း Thai PBS သတင်းဌာနက ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဖော်ပြခဲ့သည်။
ထိုင်း၊ အိန္ဒိယ၊ နီပေါ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့်သီရိလင်္ကာနိုင်ငံတို့ ပါဝင်သော အဆိုပါ ဘင်းမ်စတက် (BIMSTEC) အဖွဲ့၏ ထိပ်သီးဆွေးနွေးပွဲသို့ စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင် တက်ရောက်စေမည့် အစီအစဥ်သည် မြန်မာပြည်သူများ၏ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီမျှော်မှန်းချက်များအား ပြောင်းပြောင်းတင်းတင်း စော်ကားလိုက်ခြင်းပင်ဖြစ်သည်ဟု လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသည့်အဖွဲ့တစ်ခုဖြစ်သော Justice For Myanmar က ယနေ့ထုတ်ပြန်လိုက်သည်။
အလားတူ မြန်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကို ဘင်းမ်စတက် (BIMSTEC) ထိပ်သီးဆွေးနွေးပွဲကို ဖိတ်ကြားသည့် ထိုင်းအစိုးရ၏ ဆုံးဖြတ်ချက်အား အပြင်းအထန်ရှုတ်ချကြောင်း အခြားအရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Defend Myanmar Democracy (DMD)အဖွဲ့ကလည်း ထုတ်ပြန်ပြောဆိုထားသည်။
Defend Myanmar Democracy ၏ ပြောရေးဆိုခွင့်ရှိသူ နော်အောင်က ” ထိုင်းနိုင်ငံဟာ မင်းအောင်လှိုင်ကို မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် မဖိတ်သင့်ပါဘူး။ သူက အစိုးရခေါင်းဆောင်မဟုတ်ဘူး၊ ရာဇဝတ် စစ်အုပ်စုဂိုဏ်းခေါင်းဆောင်ပါ။ သူ့ကို ကော်ဇောနီခင်း ဖိတ်ခေါ်ဂုဏ်ပြုရမယ့်အစား ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုက သူ့အခန်းကဏ္ဍအတွက် ကမ္ဘာလုံးဆိုင်ရာတရားစီရင်ပိုင်ခွင့်အတိုင်း အာဂျင်တီးနားတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာပြီး သူ့ကိုဖမ်းဆီးသင့်ပါတယ်” ဟုပြောဆိုခဲ့သည်။
အဆိုပါ ထိပ်သီးဆွေးနွေးပွဲသို့ စစ်ရာဇဝတ်ကောင်အဖြစ် အလိုရှိနေသူ မင်းအောင်လှိုင်အား မတက်ရောက်နိုင်စေရန် အခိုင်အမာ ရပ်တည်၍ တားဆီးသွားရမည်ဖြစ်သလို၊ အာဂျင်တီးနားတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာပြီး ၄င်းကိုဖမ်းဆီးသင့်သည်ဟုလည်း လူ့အခွင့်အရေးအဖွဲ့များက ဆိုကြသည်။
အာဆီယံအနေဖြင့် ၄င်းတို့၏ထိပ်သီးအစည်းအဝေးများမှ မြန်မာစစ်ခေါင်းဆောင်ကို ဖယ်ရှားထားသော်လည်း၊ BIMSTEC သည် တရားမဝင်စစ်အုပ်စုအား တရားဝင်အသိအမှတ်ပြု ဆက်လက်ဆက်ဆံနေသည့်အပြင်၊ ၂၀၂၂ ခုနှစ်အတွင်း အဖွဲ့၏ ပဋိညာဉ်စာတမ်းကို လက်မှတ်ရေးထိုးရန်အတွက် မင်းအောင်လှိုင်အား ဖိတ်ကြားခြင်းပင် ပြုလုပ်ခဲ့ကြောင်း DMD အဖွဲ့က ထောက်ပြဝေဖန်သည်။
ဘင်းမ်စတက်(BIMSTEC) သည် မြန်မာစစ်အုပ်စုကို၂၀၂၂ ခုနှစ် သီရိလင်္ကာနိုင်ငံတွင် ကျင်းပခဲ့သော ၄င်းတို့၏ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးသို့ တက်ရောက်ခွင့်ပြုခဲ့သလို၊ ၂၀၂၄ ခုနှစ်ခုနှစ် ၄ ကြိမ်မြောက် ဘင်းမ်စတက် နိုင်ငံတော်လုံခြုံရေးအကြီးအကဲများ အစည်းအဝေးကိုလည်း မြန်မာစစ်အုပ်စုအား အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ပေးခဲ့ကြောင်း သိရသည်။
BIMSTECနှင့် ၎င်း၏အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ရာဇ၀တ် မြနမာစစ်အုပ်စုအား အသိအမှတ် မပြုရန်၊ မင်းအောင်လှိုင်နှင့် ၄င်း၏ကိုယ်စားလှယ်များအား ထိပ်သီးအစည်းအဝေးမှ တားမြစ်ဖယ်ရှားရန် လူ့အခွင့်အရေးအဖွဲ့များက တိုက်တွန်းတောင်းဆိုထားသည်။



