ဆားလင်းကြီး၊ ထန်းပုကျေးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ် လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး သံဃာတော် ၁ ပါး အပါဝင် ပြည်သူ ၅ ဦး ထိခိုက် ဒဏ်ရာရ
ရန်ကုန်၊ မတ် ၂၇
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ထန်းပုကျေးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ် လေထီးဖြင့် ဗုံးကျဲတိုက်ခိုက်ရာ ပြည်သူ ၁ ဦးသေဆုံးပြီး သံဃာတော် ၁ ပါး အပါဝင် ပြည်သူ ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မတ်လ ၂၇ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်ခန့်တွင် ဆားလင်းကြီးမြို့နယ်၊ ထန်းပုကျေးရွာ ဘုန်းကြီးကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူ ၁ ဦးသေဆုံးပြီး သံဃာတော် ၁ ပါး အပါဝင် ပြည်သူ ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေး လေထီးက မြစ်ကြောင်း အတိုင်းတက်လာပြီး အပြန်မှာ ပတ်ချ သွားတာပါ တိုက်ပွဲမရှိပါဘူး။ ဘုန်းကြီး ကျောင်းပေါ်ကို တည်တည်ချသွားတာ ပြည်သူ ၁ ဦးကတော့ ပွဲချင်းပြီး သေဆုံးတယ်။ ထိခိုက် ဒဏ်ရာရတာကတော့ ၅ ယောက်လို့ ပြောတယ်။ ဘုန်းကြီး ၁ ပါးလည်းပါတယ်။ သေသွားတာက အမျိုးသမီး။ ထိခိုက်ဒဏ်ရာရတဲ့ထဲမှာ ကလေးတွေလည်း ပါတယ်လို့ သိရတယ်။ အသက်အရွယ်တွေတော့ မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။


