32 C
Yangon

နေပြည်တော်ထောင်တွင် အကျဉ်းကျခံနေရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ငလျင်လှုပ်ခတ်မှုအတွင်း ဘေးကင်းဟု သားဖြစ်သူ ကိုထိန်လင်း ပြော

Must read

နေပြည်တော်ထောင်တွင် အကျဉ်းကျခံနေရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ငလျင်လှုပ်ခတ်မှုအတွင်း ဘေးကင်းဟု သားဖြစ်သူ ကိုထိန်လင်း ပြော

ရန်ကုန်၊ မတ် ၂၉

အကြမ်းဖက်စစ်ကောင်စီ၏ မတရားချုပ်နှောင် အကျဉ်းချထားမှုကြောင့် နေပြည်တော်အချုပ်ထောင်တွင် အကျဉ်း ကျခံနေရသော လူထုခေါင်းဆောင်လည်းဖြစ်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ ယမန်နေ့ ငလျင်လှုပ်ခတ်မှုအတွင်း ဘေးကင်းသည်ဟု သိရှိထားကြောင်း သားဖြစ်သူ ကိုထိန်လင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၂ မိနစ်ဝန်းကျင်အချိန် မန္တလေးကို ဗဟိုပြု၍ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်သွားခဲ့ရာ ယင်းငလျင်ကြောင့် နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း အပါအဝင် မြန်မာ နိုင်ငံ အလယ်ပိုင်းဒေသများတွင် ပျက်စီးဆုံးရှုံးမှုများ ၊ သေဆုံးမှုများ အကြီးအကျယ် ဖြစ်ပေါ်နေခြင်းဖြစ်သည်။

“ကျွန်တော်သိရသလောက် အကျဉ်းထောင်မှာတော့ ဆိုးဆိုးဝါးဝါးဖြစ်တယ်လို့ မကြားမိဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်းက ရန်ကုန်ခေတ်သစ်၏မေးမြန်းမှုကို ဖြေကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ်ရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ စိုးရိမ်စရာ မရှိဟု သိရှိထားကြောင်း ပြောဆိုသည်။

“ကျွန်တော်တို့ ရထားတဲ့ သတင်းအရတော့ အန်တီက မစိုးရိမ်ရဘူးလို့ သိထားပါတယ်” ဟု ဦးနေဘုန်းလတ်က ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက နေပြည်တော်စစ်တပ်သတင်းရင်းမြစ်တစ်ခုကို ဆက်သွယ်မေးမြန်းရာတွင် နေပြည်တော်အချုပ်ထောင်ရှိ အချုပ်ခန်းများနှင့် တိုက်တာအဆောက်အအုံများမှာ တစ်ထပ် အဆောက်အအုံများဖြစ်၍ အထပ်မြင့်တိုက်တာများထက် အန္တရာယ်နည်းပါးကြောင်း ပြောဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို ထားတဲ့ တိုက်က တစ်ထပ်တိုက်လိုဟာမျိုးလို့ သိထားပါတယ်။ အထပ်မြင့်တွေထက်စာရင်တော့ ပိုပြီးတော့ ဘေးကင်းနိုင်မယ်လို့ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့တော့ ထူးထူးခြားခြား ဘာသတင်းမှ ကျွန်တော်တို့ မရပါဘူး” ဟု နေပြည်တော်စစ်တပ်သတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article