နေပြည်တော်လေတပ်နှင့် တံတားဦးလေတပ်တွင် တိုက်လေယာဉ်နှင့် စစ်လေယာဉ်များကို ဂိုဒေါင်အပြင်သို့ အစုလိုက် အပြုံလိုက် ထုတ်ထား၊ နေပြည်တော်လေကြောင်းထိန်းသိမ်းရေး တာဝါမျှော်စင်ပြိုကျနေ
ရန်ကုန်၊ မတ် ၃၀
ယနေ့ နေပြည်တော်ရှိ အေလာ လေတပ်တွင် စစ်လေယာဉ်များကို လေယာဉ်ဂိုဒေါင်များအတွင်း မထားတော့ဘဲ အပြင်သို့ ထုတ်ထားကြောင်း ထိုင်းလေတပ်က အကူအညီသွားပို့စဉ် လေယာဉ်ပေါ်မှ ရိုက်ကူးထားသော ဓာတ်ပုံများတွင် မြင်တွေ့ရသည်။
ထိုင်းတော်ဝင်လေတပ်က ယနေ့ နေပြည်တော်လေဆိပ်သို့ အကူအညီများသွားရောက်ပို့ဆောင်စဉ် လေယာဉ်ပေါ်မှ ရိုက်ကူးထားသော ဓာတ်ပုံများတွင် လေယာဉ်ဂိုဒေါင် အပြင်ဘက်တွင် တိုက်လေယာဉ်နှင့် စစ်လေယာဉ်များ ထုတ် ထားသည်ကို မြင်တွေ့ရခြင်းဖြစ်သည်။
ထို့ပြင် ဂြိုလ်တုဓာတ်ပုံများအရ နေပြည်တော်ရှိ လေကြောင်းထိန်းသိမ်းရေးတာဝါတိုင် ပြိုကျနေပြီး တာဝါတိုင် ပြိုကျမှု သတင်းကို ရန်ကုန်ခေတ်သစ်သတင်းဌာနက နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကို ကိုးကား၍ သတင်း ဦးအဖြစ် ဖော်ပြခဲ့ပြီးဖြစ်သည်။
အလားတူ တံတားဦးလေတပ်တွင် စစ်လေယာဉ်များနှင့် စစ်တပ်၏ ထောက်ပို့ လေယာဉ်များကို ဂိုဒေါင်အတွင်း မထားဘဲ ပြင်ပသို့ ထုတ်ထားသည်ကို ဂြိုလ်တုဓာတ်ပုံများတွင် မြင်တွေ့ရသည်။
အကြမ်းဖက်စစ်ကောင်စီက နေပြည်တော်လေဆိပ်နှင့် တံတားဦး လေဆိပ်ကို မတ်လ ၂၈ ရက်နေ့မှစတင်၍ ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားသည်။
ဓာတ်ပုံ- နေပြည်တော်လေဆိပ်သို့ အကူအညီလာပို့သည့် ထိုင်းလေယာဉ်ပေါ်မှ ရိုက်ကူးထားသည့် ဓာတ်ပုံတွင် မြင်တွေ့ရသည့် စစ်တပ်၏ တိုက်လေယာဉ်များနှင့် ဂြိုလ်တုမှ ရိုက်ကူးထားသည့် နေပြည်တော်လေကြောင်းထိန်းသိမ်းရေးမျှော်စင် ပြိုကျနေမှု၊ တံတားဦးလေတပ်မှ စစ်လေယာဉ်များ။


