ပေါက်မြို့နယ်တွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် ပကဖရဲဘော် ၂ ဦး၊ ကျောင်းဆရာ ၁ ဦးနှင့် အသက် ၁၃ နှစ်အရွယ် ကလေးငယ် ၁ ဦး စုစုပေါင်း လူ ၄ ဦး သေဆုံး
ရန်ကုန်၊ ဧပြီ ၁
မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် ပကဖ ရဲဘော် ၂ ဦး၊ ကျောင်းဆရာ ၁ ဦးနှင့် အသက် ၁၃ နှစ်အရွယ် ကလေးငယ် ၁ ဦး စုစုပေါင်း လူ ၄ ဦး သေဆုံးကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ မတ်လ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်အချိန် မကွေးတိုင်း၊ပေါက်မြို့နယ်အခြေစိုက် ကပစ-၂၄ က လက်နက်ကြီး ၈၁ မမဖြင့် ၄ ချက်ပစ်ခတ်ခဲ့ရာ ပေါက်မြို့နယ်၊ပလောင်းကျေးရွာသို့ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ပလောင်းကျေးရွာနေ အသက်၁၃နှစ်အရွယ် မဧကရီမှာ ဝမ်းဗိုက် ကျည်ထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရှိရသည်။
အလားတူ မတ်လ ၃၀ ရက်နေ့ တွင်လည်း ပေါက်မြို့နယ် ကပစ၂၄ မှ စစ်တပ်က စနိုက်ပါဖြင့်ချောင်းမြောင်း ပစ်ခတ်ရာ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပကဖရဲဘော် ၂ ဦးနှင့်ကျောင်းဆရာ ၁ ဦး ကျဆုံးခဲ့ရကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်က မတ်လ ၂၈ ရက်နေ့ ငလျင်ဘေးကြုံတွေ့နေရသော်လည်း ပြည်သူများကို ဦးတည်သော တိုက်ခိုက်မှုများကို ဆက်လက် လုပ်ဆောင်နေကြောင်း၊ ယင်းတိုက်ခိုက်မှုများမှာ လူမဆန်သော တိုက်ခိုက်မှုများဖြစ်ကြောင်း ပေါက်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက သုံးသပ်ပြောဆိုသည်။
“ငလျင်ဖြစ်နေတဲ့ အချိန်မှာ ဒီလို ဖြစ်စဥ် ဖြစ်တာတော့ လူမဆန်တဲ့ လုပ်ရပ်လို့ပဲ မှတ်ချက်ပေးချင်ပါတယ်။ တိုက် ပွဲ ဖြစ်နေချိန်မှာ ဆို ကျနော်တို့ ဘာမှ မပြောလိုပါဘူး။ ကျနော်တို့ မြို့နယ်မှာတော့ စကစ က ပြည်သူ လူထုကို အကြောက်တရား ရအောင် တိုက်ပွဲ ဖြစ်ပွားနေတဲ့ အချိန်မှ မဟုတ်ဘူး သဘာဝဘေး အန္တရာယ် ကြုံတဲ့ အခြေ အနေတွေမှာသာမက ဘယ်လိုအခြေအနေမှာ ဖြစ်ဖြစ် ရမ်းသမ်း ပစ်ခတ်တာမျိုးတွေ အကြိမ်ရေ ရာနဲ့ ချီပြီး ဖြစ်စဥ် တွေ ရှိနေခဲ့တာပါ။ ဒါ့ထက် ပိုတိုးပြီး Paramotor ၊ လေကြောင်း၊ Drone စသဖြင့် အကြိမ်ကြိမ် တိုက်ခိုက်နေတာမျိုးတွေ ရှိနေခဲ့တာ ကြာပါပြီ။ ရပ်ရွာတွေကို ပြည်သူတွေကို အကြောက်တရားပေးဖို့ စစ်ရာဇဝတ်မှု အကြိမ် ကြိမ်ချိုးဖောက်တာ လူမဆန်တာတွေ လုပ်နေခဲ့တာပါ။ ပြည်သူလူထုကတော့ အကြောက်တရားရတယ် ဆိုတာထက် အမုန်းတရားတွေပဲ ကြီးထွားလာနေတာကို တွေ့နေရပါတယ်” ဟု ၎င်းက ပြောဆိုသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင်လည်း စစ်တပ် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသဖြင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၂ ဦး၏ နာရေး ပြင်ဆင်ထားမှု ။

