အင်းလေးနှင့် ကျိုက်ထို ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ငလျင်ဘေးဒဏ်သင့် အင်လေးဒေသကို အကြမ်းဖက် စစ်တပ်နှင့် PNO ပြည်သူ့စစ်များက ဒရုန်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ့နေအိမ် ၃ လုံးပျက်စီးခဲ့ကြောင်း အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ မတ်လ ၃၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ညောင်ရွှေမြို့နယ်၊ အင်းလေး ဒေသတောင်ပိုင်းရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ်နှင့် PNA ပြည်သူ့စစ်တို့က ဒရုန်း၊ လက်နက်ကြီးများဖြင့် ၈ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပြည်သူ့နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း၊ အလားတူ မတ်လ ၃၁ ရက် ညနေ ၆ နာရီခန့်တွင်လည်း ၆ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ့နေအိမ် ၁ လုံး ထပ်မံ ပျက်စီးခဲ့ကြောင်း သိရသည်။
“လူထိခိုက်မှုတော့မရှိပါဘူး။ ပြည်သူတွေ စစ်ဘေးရှောင်နေကြရတဲ့ ရွာတွေကို ပစ်တာပါ” ဟု အင်းလေးလူထုလှုပ်ရှားမှု အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသသည် ငလျင်ဘေးသင့်ခဲ့ပြီး ပြည်သူများ ထိခိုက်သေဆုံးမှု များပြားကာ ဘုရားစေတီ ပုထိုး၊ နေအိမ်အဆောက်အအုံပေါင်းများစွာ ပျက်စီးခဲ့ကြောင်း၊ ထိုသို့ ငလျင်ဘေးဒဏ်သင့် ဒေသကို စစ်ကောင်စီ၏ စစ်တပ်နှင့် PNA/PNO တို့က မကူညီဘဲ လက်နက်ကြီး ၊ ဒရုန်းများဖြင့် နေ့စဉ် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း အင်းလေးလူ့အခွင့်အရေး အဖွဲ့ က ထုတ်ပြန်ထားသည်။
အလားတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟို ထံမှ သိရသည်။
မတ်လ ၂၉ ရက်နေ့ ည ၁၀ နာရီ ၄၇ မိနစ်ခန့်တွင် ကျိုက်ထို မြို့နယ်၊ ခရွဲကျေးရွာအတွင်းသို့ ဝေါမြို့ လက်ပံထိပ် ကျေးရွာထိပ်ရှိတောင်ကုန်းပေါ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများက လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ ကျေးရွာနေပြည်သူ အသက် ၇၀ နှစ်အရွယ် ဦးစံမြဲ ပုခုံးတွင် ထိမှန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဒူးသထူခရိုင် အုပ်ချုပ်နယ်မြေအတွင်းကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ဒရုန်းများဖြင့် နေ့စဉ်နှင့်အမျှ ပစ်ခတ်တိုက်ခိုက်လျှက်ရှိသောကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များစွာ ဆုံးရှုံးခဲ့ရသည့်အပြင် ပြည်သူလူထုများ အနေဖြင့် ကြောတ်ရွံ့ ထိတ်လန့်မှုများစွာဖြင့် အသက်ရှင် နေထိုင်နေရကြောင်း သိရှိရသည်။


