အောင်လံမြို့၊ကားဂိတ်ဝင်းအဟောင်းရှိ လူနေအိမ်ဆိုင်ခန်းများကို စစ်တပ်၊ရဲနှင့် စည်ပင်များက အတင်းအဓမ္မ အင်အားသုံး ဝင်ရောက်ဖျက်ဆီး
မကွေးတိုင်း ၊ အောင်လံမြို့ပေါ် ကား ဂိတ်ဝင်းအဟောင်းရှိ လူနေအိမ်ဆိုင်ခန်းများကို စစ်တပ်၊ ရဲနှင့် စည်ပင်များက အတင်းအဓမ္မ ဝင်ရောက်ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ နံနက်ပိုင်း မကွေးတိုင်း၊ အောင်လံမြို့၊ စမ်းချောင်းရပ်ကွက်၊ ၁၈ လမ်းနှင့် ၁၉ လမ်းအကြား ကားဂိတ်ဝင်းအဟောင်းရှိ လူနေအိမ်ဆိုင်ခန်းများကို ရဲ၊ စစ်တပ်နှင့်စည်ပင်များက ဝင်ရောက်ဖျက်ဆီးရန် ကြိုးစားနေကြောင်း၊ ပြည်သူများက ထိုင်ကန်တော့သည့်အတွက် ဆိုင်ခန်း ၄ ခန်းကိုဖျက်သိမ်းကာ ကျန်ရှိဆိုင်ခန်းများကို ယခုအခါ အတင်းအဓမ္မ ဝင်ရောက် ဖျက်ဆီးနေကြောင်း သိရှိရသည်။
“ဆိုင်ခန်းနဲ့နေအိမ်က စုစုပေါင်း ၄၂ ခန်းရှိပါတယ်။ အခုတော့ လူမနေတော့တဲ့ ဆိုင်ခန်း ၄ခန်းကို စဖျက်တယ်။ အဲဒီဆိုင်ခန်းတွေက လွန်ခဲ့တဲ့နှစ် ၃၀ လောက်ကတည်းက အခန်းကိုဝယ်ပီး လစဉ်ပိုက်ဆံသွင်းပြီးနေကြတာ။ ဘာလျှော်ကြေးမှ မပေးဘဲ ဖျက်တာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ယနေ့ နံနက်ပိုင်း ဆိုင်ခန်းနှင့်လူနေအိမ်များကို ဖျက်ဆီးရန် စစ်တပ်၊ ရဲနှင့် စည်ပင်များက လက်နက်အပြည်အစုံဖြင့် လမ်းများကို ပိတ်ဆို့ပြီး ဘတ်ဖိုးများ၊ မြေကော်စက်များနှင့်အတူ ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ ပြည်သူများက အော်ဟစ်ငိုယိုကြပြီး တောင်းပန်နေကြကြောင်း သိရှိရသည်။
“အမျိုးသမီးတွေကလည်း အော်ဟစ် ငိုယိုပြီး တောင်းပန်ကြတာပေါ့။ နောက်တော့ ညှိလိုက်တာ ဆိုင်ခန်း ၄၂ ခန်းမှာ အခု ၄ ခန်းဖျက်တယ်။ အထက်အမိန့်ဆိုပြီး ရွှေ့ပေးလို့ မရဘူးလည်းပြောနေတယ်။ ပြည်သူတွေမှာ ငလျင်ဘေးကြောင့် ဒုက္ခရောက်နေချိန် ဆိုင်ခန်းတွေလည်း အဖျက်ခံရနဲ့”ဟု ဒေသပြည်သူက ဆက်လက်ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက အောင်လံမြို့ပေါ်တွင် ပြည်သူများနေထိုင်သော ရပ်ကွက်၊နေအိမ်များကို ကျူးကျော်ဟုဆိုကာ ဖျက်ဆီးခြင်း၊ ဌာနဆိုင်ရာမြေဟုဆိုကာ ဖျက်ဆီးခြင်းများကို စစ်အာဏာပြီးချိန် ၂၀၂၁ ခုနှစ်မှ စတင်လုပ်ဆောင်လာနေကြောင်း အောင်မြို့ခံ ပြည်သူများက ပြောဆိုကြသည်


