မင်းလှတွင် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်ပြီး လူငယ် ၄ ဦးကို စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီး၊ ကျေးရွာ ၆ ရွာမှ ပြည်သူထောင်ချီ ထွက်ပြေး တိမ်းရှောင်နေရ
ရန်ကုန်၊ ဧပြီ ၆
ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်ပြီး လူငယ် ၄ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးကာ ကျေးရွာ ၆ ရွာမှ ထောင်နှင့် ချီသော လူငယ်များ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၅ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်အချိန် မင်းလှမြို့နယ်၊ ဘွတ်စိန်ဘုကျေးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး ကျေးရွာနေ လူငယ် ၃ ဦးဖြစ်သည့် တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသား ကိုမင်းသက်ကို ၊ ကိုမိုးမင်းဝင်း နှင့် ကို၀င်းအောင် တို့ကို စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထိုသို့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျေးရွာအတွင်း ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးစဉ် လူငယ်များ ထွက်ပြေးတိမ်းရှောင်ခြင်းကြောင့် စစ်ကောင်စီ တပ်သားများက အမျိုးသမီး ၁ ဦးကို သေနတ်ဖြင့် ထောက်ကာ ရိုက်နှက်မှုများ လုပ်ဆောင်သွားကြောင်း သိရှိရသည်။
ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဘွတ်စိန်ဘုရွာမှ တဆင့် သင်္ကန်းချောင်းရွာ၊ ရွာသာယာရွာ၊ ပက်တန်းကြီးရွာနှင့် ပက်တန်းလေးရွာ အပါအဝင် အခြားကျေးရွာများကို ဆက်လက် ဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးခြင်းများကြောင့် လက်ရှိချိန်တွင် ထောင်နှင့်ချီသော လူငယ်များသည် ရွာထဲကို ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယင်းနေ့ ည ၇ နာရီ ၃၀ မိနစ်ခန့်တွင် ညောင်သုံးပင်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး ရွာအနောက်ပိုင်း၌ နေထိုင်သော ကိုအောင်ကို ကိုပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရှိရသည်။
“မင်းလှမြို့နယ်ထဲမှာ အခု စစ်ခွေးတွေ ရွာတိုင်းနီးပါးကို အထက်က ညွှန်ကြားလို့ဆိုပြီး ပေါ်တာဆွဲဖို့ လုပ်နေကြတယ်။ ထွက်ပြေးနေရတဲ့ ရွာတွေကလည်း မနည်းဘူး။ ငလျင် လှုပ်သွားတဲ့ ရက်ပိုင်းလောက်ပဲ ငြိမ်သွားပြီး အခုဆက်တိုက် ဖမ်းဆီးတာတွေ ဆက်လုပ်လာပြီး ရွာတွေမှာနေတဲ့ လူငယ်တွေက ကိုယ့်အိမ်ကို မပြန်ရဲကျတော့ဘူး။ အကုန်ရှောင်နေရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ – အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပေါ်တာဆွဲ ဖမ်းဆီးသွားသော ဘွတ်စိန်ဘုကျေးရွာသား ကိုမိုးမင်း၀င်း။
