ရန်ကုန်၊ ဇွန် ၁၆
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်တွင် ဝန်ကြီးချုပ်လမ်းကြောင်းကို သွားရောက်ကြိုဆိုမည့် စစ်သားများ လိုက်ပါလာသော ကား ၂ စီးကို ပစ်ခတ်တိုက်ခိုက်ရာ တပ်မ ၈၈ လက်အောက်ခံ တပ်ရင်းမှ ဗိုလ်ကြီးစောသန်းထွန်းနှင့် ဗိုလ် ၂ ဦး အပါအဝင် ၅ ဦးသေဆုံးခဲ့ကြောင်း နေပြည်တော်တိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၁၅ ရက်နေ့ နံနက် ၈ နာရီခန့်တွင် တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားကျေးရွာဘက်မှ ထွက်ခွာလာသော ကား ၁ စီးတွင် အကြမ်းဖက် စစ်တပ်မှ ဗိုလ်ကြီးအဆင့်ရှိသူ အပါအဝင် ၄ ဦး စီးနင်းလိုက်ပါလာကြောင်း ကြိုတင်သတင်းရရှိခဲ့သောကြောင့် ရန်ကုန်-ပြည်လမ်းမကြီးပေါ်ရှိ ကိုးပင်-ဆတ်သွား လမ်းပိုင်းတစ်နေရာ၌ တော်လှန်ရေး ပူးပေါင်းတပ်များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်၏ တပ်မ ၈၈ လက်အောက်ခံတပ်ရင်းမှ ဗိုလ်ကြီးစောသန်းထွန်း အပါအဝင် ၂ ဦး သေဆုံးခဲ့ပြီး ကျန် ၂ ဦးသည် ထိခိုက် ဒဏ်ရာများဖြင့် ထွက်ပြေးသွားကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် ၎င်းတို့ စီးနင်းလာသော ကားကို တော်လှန်ရေးတပ်က မီးရှို့ရှင်းလင်းခဲ့ကြောင်း သိရသည်။
ယင်းသို့ မီးရှို့ရှင်းနေစဉ်အတွင်း အောင်လံ (ကိုးပင်) ဘက်မှ မောင်းနှင်လာသော ကား ၁ စီးကို တော်လှန်ရေးတပ်က ထပ်မံ စစ်ဆေးရန် တားဆီးစဉ် နောက်ဆုတ်ထွက်ပြေးပြီး စတင် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ထိုကားသည် မကွေးတိုင်း ဝန်ကြီးချုပ်လမ်းကြောင်းကို ကြိုရန်ထွက်လာသော အောင်လံမြို့နယ်မှူး၏ ကားဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်မှုအတွင်း ကားပေါ်လိုက်ပါလာသော ဗိုလ်အဆင့် ၂ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရှိရသည်။
“စောသန်းထွန်းက တောင်တွင်းကြီး ထွေ/အုပ်ရုံးကလို့ ကနဦး သိရပါတယ်။ တပ်ရင်းကိုတော့ ကျနော်တို့ စုံစမ်းဆဲပါ။ ပြီးတော့ ဝန်ကြီးချုပ် ခရီးစဥ်ရှိတယ်လို့လည်း သိရပါတယ်။ စောသန်းထွန်းရဲ့ ဘက်တံဆိပ်က တပ်မ ၈၈ လက်အောက်ခံ တပ်ရင်းတစ်ခုခုကပဲ အတိအကျသိရဖို့တော့ ဆက်လက်စုံစမ်းနေပါတယ်။ ဒဏ်ရာရတဲ့ ထဲကလည်း နောက်ထပ် စစ်ခွေး ၁ ကောင် ကုသနေရင်း ထပ်သေတယ်လို့ သိရတယ်။ စုစုပေါင်း သေတာ ၅ ကောင်ပေါ့” ဟု နေပြည်တော်တိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာ ၁၇ လက်အောက်ခံ ရိုးမဖိုက်တာစစ်ကြောင်း နှင့် အတူ မကွေးမြို့နယ် ပကဖ၊ သရက်ခရိုင် အမှတ် (၅) တပ်ရင်း၊ ပုဏ္ဏဝတီ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မကွေး _တောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့ နှင့် မဟာမိတ်တော်လှန်ရေးအဖွဲ့များမှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို တိုက်ခိုက်မှု အတွင်း MA-3 သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ဘောက်၊ G-3 သေနတ် ၁ လက် ကျည်ဘောက် ၁ ခု၊ MA-5 သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ဘောက်၊ ကျည်တချို့နှင့် စာရွက်စာတမ်းတချို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။






