ရန်ကုန်၊ ဇွန် ၁၆
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထနောင်းတောမြောက်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦသေဆုံးပြီး နေအိမ် ၁လုံးက မီးလောင်ပျက်စီးခဲ့ကြောင်း မြောင်မြို့ သတင်းမှန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဇွန်လ ၁၄ ရက်နေ့ ည ၈ နာရီခန့်တွင် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တက်လာသော အသေခံဒရုန်း ၂ စီးက မုံရွာမြို့နယ်၊ ထနောင်းတောမြောက်ရွာကို တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ထနောင်းတောမြောက်ရွာမှ အသက် ၅၀ နှစ်အရွယ် ကိုဖိုးခိုင် သေဆုံးခဲ့ပြီး နေအိမ် ၁ လုံးကို မီးရှို့ ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အသေခံဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာပါ။ အသေခံ ဒရုန်း ၂ စီးနဲ့ လာကျဲတာ ထနောင်းတောမြောက်ရွာမှ နေထိုင်တဲ့ အသက် ၅၀ နှစ်အရွယ် ကိုဖိုးခိုင်က သေဆုံးသွားခဲ့တယ်။ စစ်ခွေး စစ်ကြောင်းက မအူဂိတ်ကနေ ထွက်လာပြီးတော့ ထနောင်းတောမြောက်ရွာက အသေခံဒရုန်းနဲ့ ကျဲတဲ့ နေအိမ်ကို မီးရှို့သွားပါတယ်” ဟု မြောင်မြို့ သတင်းမှန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူကပြောဆိုသည်။
ထို့ပြင် မြိုင်မြို့နယ်၊ တောရွာအနီးကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် အဖွဲ့မှ ဆရာထွေးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇွန် ၁၆ ရက်နေ့ ညနေ ၃ နာရီကျော်ခန့်တွင် စစ်တပ်၏ မိတ္ထိလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက တောရွာအနီးကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိဘဲ နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။
“စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးမရှိပါဘူး။ နေအိမ် ၁လုံးပျက်စီးသွားတယ်။ စစ်ခွေးတွေက မြိုင်မြို့နယ် အရှေ့မြောက်ပိုင်း တောရွာအနီး လမ်းအစပ် ကျတာပါ။ ဗုံးသီးဘယ်လောက်ချတယ်တော့မသိဘူး ”ဟု အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် အဖွဲ့မှ ဆရာထွေးက ပြောဆိုသည်။
အလားတူ ယနေ့ ဇွန်လ ၁၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်ကလည်း မြိုင်မြို့နယ်မြောက်ပိုင်း မကျည်းကန်ရွာအနီးကိုလည်း တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သေးကြောင်း သိရသည်။
ထို့အတူ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ မော်တုံးရွာကိုလည်း စစ်တပ်က ဒရုန်းဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၁၄ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် အမတ ၃၀၆ တပ်မှ အကြမ်းဖက် စစ်သားများက မော်တုံးရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း၊ အလားတူ ဇွန်လ ၁၅ ရက်နေ့တွင်လည်း အမတ ၃၀၆ တပ်က ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ထိုတိုက်ခိုက်မှု အတွင်း နေအိမ်များ ထိခိုက်ပျက်စီးမှုရှိကြောင်း သိရသည်။
“မော်တုံးရွာကို ဒရုန်း ၂ ရက်ဆက် ကျဲချ တိုက်ခိုက်တာပေါ့။ ပထမနေ့ ကျဲတာက ထိခိုက်ပျက်စီးတာမရှိဘူး။ ဒုတိယနေ ထပ်ကျဲတာတော့ နေအိမ်တွေ ပျက်စီးတယ်လို့တော့ သိရပါတယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ခုကို စစ်တပ်က ညအချိန် လေယာဉ်ဖြင့် မီးလောင်ဗုံးကျဲချ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင်နေစဉ် (ပုံအဟောင်းဖြစ်သည်)




