ငလျင်ကြောင့် သေဆုံးသူ ၃၄၅၅ ဦးရှိလာပြီး မန္တလေးမှ ငလျင်ဘေးသင့်ပြည်သူများကို စစ်ကောင်စီက အတင်းအကျပ် နေရာပြောင်းရွှေ့ခိုင်း
မြန်မာနိုင်ငံ အလယ်ပိုင်းကို ဗဟိုပြု၍ မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် သေဆုံးသူ ၃၄၅၅ ဦးရှိလာကြောင်း အကြမ်းဖက် စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ယခုအချိန်အထိ သေဆုံးသူ ၃၄၅၅ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၄၈၄၀ ဦး၊ ပျောက်ဆုံးနေသူ ၂၁၄ ဦး စုစုပေါင်း ၈၆၀၀ ကျော်ခန့် ထိခိုက်သေဆုံးမှုဖြစ်ပေါ်ခဲ့ကြောင်း၊ အသေးစိတ်စာရင်းမရရှိသေးသော်လည်း အဆောက် အဦးပေါင်း ၅၂၂၃ လုံး၊ စာသင်ကျောင်းပေါင်း ၁၈၂၄ ကျောင်း၊ ဘုန်းတော်ကြီး ကျောင်းနှင့် သီလရှင်စာသင်တိုက် ၂၇၅၂ ကျောင်း ထိခိုက်ပျက်စီးဆုံးရှုံးခြင်း၊ ဘုရား စေတီပေါင်း ၄၈၁၇ ခု ထိခိုက်ပျက်စီးဆုံးရှုံးခြင်း၊ ဆေးရုံဆေးခန်း ၁၆၇ ခုပျက်စီးခြင်း ဖြစ်ပေါ်ကြောင်း စစ်ကောင်စီက ဆိုသည်။
လမ်းပန်းဆက်သွယ်ရေးအနေဖြင့် ရန်ကုန်-နေပြည်တော်-မန္တလေး သွားရထားလမ်းနှင့် ကားလမ်းများပျက်စီးခြင်းနှင့် အချို့ဘူတာများတွင် ပျက်စီးမှုများဖြစ်ပေါ်ခြင်း၊ တံတား ၁၆၉ စင်းပျက်စီးခြင်း၊ ဆည်မြောင်းတမံ ၁၉၈ ခုထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခြင်း၊ အမြန်လမ်းမကြီးတစ်လျှောက် အပိုင်း ၁၈၄ ခုထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခြင်းများဖြစ်ပေါ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများ များပြားကြောင်း အကြမ်းဖက် စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။
လတ်တလော စစ်ကောင်စီက ငလျင်ဘေးသင့် ပြည်သူများကို ကူညီမှုများ သေချာစွာ မလုပ်ဆောင်နိုင်သေးချိန် မန္တလေးမှ ငလျင်ဘေးသင့် ပြည်သူများကို အတင်းအကျပ် နေရာပြောင်းရွှေ့ခိုင်းလာကြောင်း မန္တလေးမှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“မနေ့ညက မိုးတွေမရွာခင်ကတည်းက ကျုံးဘေးမှာနေတဲ့ တဲထိုးနေတဲ့သူတွေအားလုံးကို ပြောင်းခိုင်းနေတာ။ သူတို့ အခု ဘုရားဝင်းတွေမှာ ကယ်ဆယ်ရေးစခန်းလိုမျိုး ဖွင့်ပေးမယ်ပြောတယ်။ အဲဒီကို ပြောင်းခိုင်းတာ။ မိုးရွာတာနဲ့ သူတို့ ပြောင်းခိုင်းတာနဲ့က ကွက်တိလိုဖြစ်သွားတာ။ သူတို့ပြောင်းခိုင်းတဲ့နေရာတော့ ကျနော်တို့ လိုက်မပြောင်းတော့ဘူး။ ကိုယ့်ဟာကိုယ်ပဲ အဆင်ပြေတဲ့နေရာ ရှာနေဖို့ပဲ ဆုံးဖြတ်လိုက်တယ်” ဟု မန္တလေးမှ ငလျင်ဘေးသင့် ပြည်သူတစ်ဦးက ဆိုသည်။
မတ်လ ၂၈ ရက်နေ့ ငလျင်ကြီး လှုပ်ခတ်ပြီးကတည်းက နောက်ဆက်တွဲ ငလျင်များစွာ လှုပ်ခတ်နေသည့်အတွက် ပြည်သူများမှာ မိမိတို့၏ မူလ နေရာများတွင် မနေရဲဘဲ ကွင်းပြင်များနှင့်ပလက်ဖောင်းများပေါ်တွင် တဲထိုး၍ နေထိုင်ကြခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ နောက်ဆက်တွဲ ငလျင် အကြိမ်ရေ ၈၀ ကျော် လှုပ်ခတ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ကျောက်ဆည်မြို့ မူကြိုတွင် ငလျင်ဒဏ်ကြောင့် ကျောင်းပြိုကျရာမှာ သေဆုံးခဲ့သော ကလေးငယ်များ၏ ကျောပိုးအိတ်များ။
