ဆောထိနှင့် မူး မြို့နယ်ရှိ ကျေးရွာများကို ယာယီ အပစ်ရပ်ထားသော စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၅ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ် များပျက်စီး
ပဲခူးတိုင်း၊ ဆောထိမြို့နယ်နှင့် မူးမြို့နယ်ရှိ ကျေးရွာများကို ယာယီ အပစ်ရပ်ထားသော အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၅ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ် များပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
ဧပြီလ ၅ ရက်နေ့ ညနေ ၃ နာရီ ၅၂ မိနစ်ခန့်တွင် ဆောထိမြို့နယ်၌ အကြမ်းဖက် စစ်တပ်၏ ခလရ−၂၆၄ တပ်ရင်းက ဟောင်ဝှစ်ဇာ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ ဝိုင်ပျဥ်ရေ ကျေးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး ကိုနေလင်းစိုး ၊ မရတနာ ၊ ကိုသန်းမင်းစိုး နှင့် ကိုသက်နေဝင်း တို့ ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ညောင်သာယာ ဘုန်းတော်ကြီးကျောင်းလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ဧပြီလ ၄ ရက်နေ့ နံနက် ၁၁ နာရီ ၂၄ မိနစ်ခန့်တွင် မူးမြို့နယ်၌ အကြမ်းဖက် စစ်တပ်၏ ခလရ−၃၅၁ တပ်ရင်းက လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့ရာ စစ်ဘေးရှောင်များ ခေတ္တပုန်းရှောင်နေသည့် ပဒကုန်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကရင်မြက်ရဲကျေးရွာသူ နော်ဖေါဆာဝါး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဧပြီလ ၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခလရ ၇၃ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၁ လုံးပစ်ခတ်ခဲ့ရာ ကျောက်ကြီးပေါက်ကျေးရွာထဲကို ကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီတပ်များသည် ယာယီအပစ်အခတ်ရက်စဲသည်ဟု ကြေညာ ထားသော်လည်း လက်တွေ့တွင် လက်နက်ကြီး ပစ်ခတ်မှုများ လေကြောင်းမှ ဒရုန်း၊ လေယာဉ် များဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများ အကြမ်းဖက် လုပ်ရပ်များ အဆက်မပြတ် လုပ်ဆောင် လျက်ရှိသောကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူများအနေဖြင့် ထိခိုက်သေဆုံးမှုများ ကြုံတွေ့ ခံစားနေရပြီး ထိတ်လန့် ကြောက်ရွံ့စွာဖြင့် ရှင်သန်နေထိုင်နေရကြောင်း KNU ဗဟိုက ပြောဆိုထားသည်။


