တနိုင်းမြို့ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ဝင်းမိုးကျော် သေဆုံး
ကချင်ပြည်နယ်၊ တနိုင်းမြို့ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ဗိုလ် ဝင်းမိုးကျော် သေဆုံးသွားခဲ့ကြောင်း ၎င်း၏မိတ်ဆွေများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၂ ရက်နေ့ တနိုင်းမြို့တိုက်ပွဲတွင် ဗိုလ်ဝင်းမိုးကျော်သည် ကျည်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်ပြီး ရုပ်အလောင်းကို ရှေ့တန်းတွင်သာ သဂြိုလ်လိုက်ကြောင်း ၊သေဆုံးသွားသော ဗိုလ် ဝင်းမိုးကျော်သည် အကြမ်းဖက် စစ်တပ် အာဏာသိမ်းပြီးနောက် စစ်တပ်ထဲမှ ထွက်ရန် ကြိုးပမ်းခဲ့သော်လည်း မိသားစုဝင်များကို စစ်တပ်က ဒုက္ခပေးမည်ကို စိုးရိမ်သောကြောင့် ဆက်လက် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
“စစ်တပ်က အာဏာသိမ်းပြီးနောက်မှာတော့ တပ်ထဲမှာ မနေချင်တော့ဘူးလို့ ခဏခဏပြောပါတယ်။ ထွက်ရင်လလည်း ထောင်အနှစ် ၂၀ ကျခံရမယ်။ ထွက်ပြေးရင်လည်း မိဘတွေကို စစ်တပ်က ဒုက္ခပေးမှာ ကြောက်တာနဲ့ပဲ အခုတော့ တိုက်ပွဲကျသွားခဲ့ပြီ။ သူက မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ် ဇာတိပါ။ ဒီနေ့ ၈ ရက်နေ့က သူ့ရက်လည်ပါ။ အလောင်းတောင် မမြင်လိုက်ရဘဲ သူ့မိဘတွေက နာရေးရက်လည် တရားနာအမျှဝေရတာပါ” ဟု မိတ်ဆွေဖြစ်သူက ပြောဆိုသည်။
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် KIA ဦးဆောင်သော တော်လှန်ရေးတပ်များအကြား ထိတွေ့တိုက်ပွဲများ မကြာခဏဆိုသလိုဖြစ်ပွားလျက်ရှိပြီး စစ်ရေးတင်းမာလျက်ရှိကြောင်း KIA သတင်းရင်းမြစ်များထံမှ သိရှိရသည်။


