31 C
Yangon

အကျိုးစီးပွားပဋိပက္ခများကြောင့် ဝေဖန်ရှုတ်ချခံနေရသူ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျုလီဘီရှော့ မြန်မာနိုင်ငံသို့ ယနေ့ရောက်ရှိမည်

Must read

အကျိုးစီးပွားပဋိပက္ခများကြောင့် ဝေဖန်ရှုတ်ချခံနေရသူ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျုလီဘီရှော့ မြန်မာနိုင်ငံသို့ ယနေ့ရောက်ရှိမည်

ရန်ကုန်၊ ဧပြီ ၈

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျူလီဘိရှော့သည် ယနေ့ မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၏ ထုတ်ပြန်ချက်များအရ သိရသည်။

သူမ၏ခရီးစဉ်နှင့် ပတ်သက်၍ အသေးစိတ်အစီအစဉ်များကို ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း ဂျုလီဘီရှော့အနေဖြင့် မြန်မာခရီးစဉ်အတွင်း စစ်ကောင်စီအဖွဲ့ဝင်များနှင့် တွေ့ဆုံသွားမည်ဟု ယုံကြည်စိတ်ချရသော သတင်းရင်းမြစ်များ၏ အဆိုအရ သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တစ်ဦးဖြစ်သလို၊ ဩစတြေးလျ အမျိုးသား တက္ကသိုလ် (ANU) ၏ အဓိပတိ တစ်ဦးလည်းဖြစ်သော ဘိရှော့သည် လတ်တလောတွင် ကိုယ်ကျိုးစီးပွားပဋိပက္ခများနှင့် ပတ်သက်၍ ပြင်းထန်သော ဝေဖန်ရှုတ်ချမှုများနှင့် ကြုံတွေ့နေရသည်။

ဆိုးရွားလှသည့် အကျိုးစီးပွားပဋိပက္ခများကြောင့် ဩစတြေးလျ အမျိုးသားတက္ကသိုလ်ဝန်ထမ်းများသည် ၄င််းတို့၏ တက္ကသိုလ်အဓိပတိ ဂျူလီဘိရှော့၏ ခေါင်းဆောင်မှုအပေါ် အယုံအကြည်မရှိတော့ကြောင်းအဆိုကို ယင်းတက္ကသိုလ်၏ မဲခွဲမှုတစ်ခုအတွင်း ပြတ်ပြတ်သားသား ထောက်ခံမဲပေးခဲ့ကြသည်။ သူမသည် တက္ကသိုလ်အတွင်း သူမ၏ရာထူးနှင့် ပတ်သက်သော ငွေကြေးလွဲမှားစီမံမှု၊ ကျင့်ဝတ်ပျက်ပြားမှု စသည့် စွပ်စွဲချက်များနှင့် ရင်ဆိုင်နေရခြင်းလည်း ဖြစ်သည်။

ထို့အပြင် ဂျူလီဘိရှော့၏ လက်ရှိလက်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းများသည် မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများနှင့် ဆက်နွှယ်ပတ်သက်နေသည့်တွက် ဖြစ်ပေါ်လာသော အကျိုးစီးပွားပဋိပက္ခများအပေါ် စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ပေးရန် မြန်မာအရပ်ဘက်အဖွဲ့အစည်း ၃၀၀ နီးပါးက ကုလသမဂ္ဂကို ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်းက တောင်းဆိုခဲ့ကြသည်။

ဆိုးရွားလှသည့် ငလျင်ကြီး မြန်မာနိုင်ငံတွင် လှုပ်ခတ်သွားခဲ့ပြီးနောက်ပိုင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ဦးဆောင်မှုပိုင်းသည် ပို၍ပင် အရေးတကြီးဖြစ်လာခဲ့သည််။ ထိုသို့‌သောအချိန်မျိုးတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဂျုလီဘိရှော့၏ ဖြောင့်မတ်တည်ကြည်မှုအပေါ် မြန်မာအရပ်ဘက်အဖွဲ့အစည်းများ၏ စိုးရိမ်ပူပန်မှုများအား နားထောင်ရန် ငြင်းဆိုနေသည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်အား Justice For Myanmar (JFM) အဖွဲ့က ဝေဖန်ပြစ်တင်ခဲ့သည်။

ဂျူလီဘိရှော့၏ ဖြောင့်မတ်တည်ကြည်မှု ကင်းမဲ့နေခြင်းသည် တက္ကသိုလ်ပရဝုဏ်ကို ကျော်လွန်ကာ (ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ်) သူမတာဝန်ယူထားသည့် နိုင်ငံတကာရာထူးတာဝန်အထိပါ သက်ရောက်မှုရှိလာချိန်တွင် ကုလသမဂ္ဂအနေဖြင့် ဂျူလီဘိရှော့အား လက်ရှိရာထူးနေရာတွင် ဆက်လက်ထားရှိမှုသည် လွန်စွာမှပင် ကျိုးကြောင်းဆင်ခြင်မှု မရှိသည့် လုပ်ရပ်ဟု JFM ကပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

ကုလသမဂ္ဂနှင့် အထွေထွေအတွင်းရေးမှူးချုပ်အနေဖြင့် မြန်မာအရပ်ဘက်အဖွဲ့အစည်းများ၏ တောင်းဆိုမှုများကို ဂရုပြုနားထောင်ရမည်ဖြစ်ပြီး၊ ၄င်းတို့၏ စိုးရိမ်မှုများအပေါ်် ချက်ချင်း အရေးယူဆောင်ရွက်ရမည်ဟု JFM ကထုတ်ပြန်တောင်းဆိုထားသည်။

ဂျူလီဘိရှော့၏ ခေါင်းဆောင်မှုအပေါ် အယုံအကြည် မရှိတော့ကြောင်း ANU ဝန်ထမ်းများက တခဲနက် ဆန္ဒမဲပေးခဲ့မှုနှင့် မြန်မာ့အရေးတွင် ဝင်ရောက်ချယ်လှယ်နေသော တရုတ်နိုင်ငံ ပိုင်ကုမ္ပဏီများနှင့် သူမ၏ စီးပွားရေးပတ်သက်နေမှုများအပေါ် မြန်မာနိုင်ငံသားများ၏ စိုးရိမ်ပူပန်မှုများအား ကုလအထွေထွေအတွင်းရေးမှူး ဂူတာရက်စ်အနေဖြင့် ဂရုပြုသင့်ပြီး၊ အရေးယူဆောင်ရွက်မှုများလည်း ချက်ချင်းလုပ်ဆောင်သင့်ကြောင်း ကုလသမဂ္ဂထံ အိတ်ဖွင့်ပေးစာ‌ပေးပို့မှုတွင် ပါဝင်ခဲ့သည့် မြန်မာအရပ်ဘက်အဖွဲ့အစည်းဝင်တစ်ယောက်က ပြောကြားခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article