34 C
Yangon

မြင်းခြံမြို့နယ်တွင် ၅ ရက်ကြာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၆ ဦး ထက်မနည်း သေဆုံးကာ စစ်စခန်း ၂ ခု ကို သိမ်းပိုက်ရရှိ

Must read

မြင်းခြံမြို့နယ်တွင် ၅ ရက်ကြာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၆ ဦး ထက်မနည်း သေဆုံးကာ စစ်စခန်း ၂ ခု ကို သိမ်းပိုက်ရရှိ

ရန်ကုန်၊ ဧပြီ ၁၀

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ၅ ရက်ကြာ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၆ ဦးထက်မနည်းသေဆုံးကာ စစ်စခန်း ၂ ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း ၇ – Zero ‌ပြောက်ကြားတပ်ဖွဲ့မှ ဗိုလ်ဗညားက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၂၄ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မြင်းခြံမြို့နယ်၊ မြင်းခြံ- တောင်သာ လမ်းပိုင်း၊ နန်းမြင့်တောင်အနီး သို့ အကြမ်းဖက် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး PDF တပ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

“တိုက်ပွဲက ၂၄ ရက်နေ့က စဖြစ်တာပါ။ ကျနော်တို့ ပြည်သူကာကွယ်ရေးတပ်ရဲ့ ဂိတ်ကို စစ်ခွေးတွေဝင်စီးတယ်။ သတင်းကြားလို့ ကျနော်တို့ တပ်စိပ် သွားတယ်။ အဲဒီမှာ အပြန်အလှန် ထိတွေ့မှု စဖြစ်တာပါ။ မနက်ခင်း ပွဲချိန် ၇ နာရီ ၂၀ လောက်ကစတယ်။ တိုက်ပွဲကြာချိန်က ၂ နာရီကျော်လောက် ကြာတယ်။ အဲတိုက်ပွဲမှာ ‌အထိခိုက်က ဘယ်သူဘက်ကမှမရှိ ခဲ့ဘူး။” ဟု မြင်းခြံခရိုင်တပ်ရင်း ၇ – Zero ‌ပြောက်ကြားတပ်ဖွဲ့ မှ ဗိုလ်ဗညားက ပြောဆိုသည်။

ထို့ပြင် ညနေပိုင်းတွင် ထပ်မံ တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၆ ဦး မျက်မြင် သေဆုံးမှုရှိပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သေဆုံး ဒဏ်ရာရ စစ်သားများကို ဖောကား ၁ စီး၊ လိုက်ထရပ်ကား ၁ စီးဖြင့် သံမဏိလမ်းမှ မြင်းခြံဆေးရုံသို့ သယ်ဆောင်သွားကြောင်း၊ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် မြင်းခြံမြို့မှတောင်ရှေ့အထိ ဖောကား ၁ စီးအပြည့်နှင့်အတူ ခြေလျင်စစ်ကြောင်းတစ်ကြောင်း ထပ်မံ ထိုးလာကြောင်း သိရသည်။

အလားတူ မတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် နန်းမြင့်တောင်ပေါ်သို့ ထပ်မံ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ရာ အပြန်လှန် ပစ်ခတ်တိုက်ပွဲ ၃ နာရီခန့် ကြာမြင့်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အထိနာကာ ညနေ ၆ နာရီခန့်တွင် ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံးကျဲသွားကြောင်း သိရှိရသည်။

“ကျနော်တို့ဘက်က ဒရုန်း ၄၀ မမ ၊ အီနာဂါ ဗုံးသီးနဲ့ချတာ။ စခတွေ အထိနာပြီး တောက်လျှောက် ရမ်းသမ်းပစ်တယ်။ ကျနော်တို့က နန်းမြင့်တောင်ပေါ်ကနေ နေရာယူပြီး တောင်အောက်က နေတက် လာတဲ့ စခတွေကို အပိုင် ပစ်ခတ်နိုင်ခဲ့တာ စစ်ခွေးတွေဘက်က အကျဆုံးများလို့ ညနေ ၆ နာရီ လောက်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးသီးလာကျဲချသွားတာ အထိခိုက်တော့ မရှိခဲ့ဘူး” ဟု မြင်းခြံခရိုင်တပ် ရင်း ၇ – Zero ‌ပြောက်ကြားတပ်ဖွဲ့ မှ ဗိုလ်ဗညားက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောဆို သည်။

မတ်လ၂၆ ရက်နေ့ ၊ ၂၇ ရက်နေ့ နှင့် ၂၈ ရက်နေ့တို့တွင်လည်း Zero ပြောက်ကြားတပ်ဖွဲ့ အပါအဝင် တော်လှန်ရေးတပ်များက စစ်ကောင်စီ စခန်းများကို ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ ပြင်းထန်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ၏ နတ်စင်ကုန်းစခန်း၊ ဘုရားကုန်း စခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အထိနာသော စစ်ကောင်စီတပ်က ဟောင်ဝစ်ဇာ လက်နက်ကြီးများ၊ ၆၀ မမများဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ရာ Zero ပြောက်ကျားတပ်ဖွဲ့မှတပ်ရေး အရာရှိ ကိုအောင်ခန့် ခြေ ထောက် ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

“စစ်တပ်က မြင်းခြံ-တောင်သာ လမ်းပိုင်းကို စိုးမိုးဖို့ လုပ်ရာကနေ တိုက်ပွဲစဖြစ်ကြတာပါ။ နှစ်ဖက် ထိတွေတိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျဆုံးများတယ်။ ဒေသခံ ပြည်သူတွေကတော့ ဘေးလွတ်ရာ ရှောင်‌‌တိမ်းနေကြရတယ်။ စစ်တပ်ဘက်ကလည်း လေယာဉ်တွေနဲ့ လာပစ်ကူ ပေးတာတွေ လည်းရှိတယ်။ အခုထိ စစ်ရေး အခြေအနေက တင်းမာနေတုန်းပဲ” ဟု ဒေသနေပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article