ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်း- နတ်သံကွင်း လမ်းပိုင်းရှိ စစ်စခန်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦးသည် သေနတ် ၁ လက်ယူဆောင်လာပြီး အလင်းဝင်
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်း- နတ်သံကွင်း လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်စခန်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦးသည် သေနတ် ၁ လက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ပဲခူးခရိုင် ၊ အမှတ် – ၂ တပ်ရင်း ၊ P2-3702 မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၉ ရက်နေ့တွင် ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်း- နတ်သံကွင်း လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်စခန်းမှ စစ်မှုထမ်းတပ်သားသစ် ၁ ဦးသည် သေနတ် ၁ လက်နှင့် ခဲယမ်းများ ယူဆောင်လာပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ပဲခူးခရိုင် ၊ အမှတ် ( ၂ ) တပ်ရင်း ၊ P2-3702 ထံသို့ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုအလင်းဝင်ရာက်လာသော စစ်မှုထမ်း တပ်သားသစ် ၁ ဦးသည် MA-1 သေနတ် ၁ လက် ၊ ကျည်ဘောက် ၃ ခု ၊ 5.56 ကျည် ၁၀၅ တောင့် တို့ကို ယူဆောင်လာပြီး အလင်းဝင်လာခြင်းကြောင့် ဘေးကင်းသည့်နေရာသို့ ပို့ဆောင်ကာ ကျပ်ငွေ ဆယ်သိန်း ချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
“စစ်မှုထမ်း တပ်သားသစ်က သင်တန်း အပတ်စဉ် ၇ ကပါ။ ကနဦး ဂုဏ်ပြုဆုငွေကတော့ ဆယ်သိန်းပါ ချီးမြှင့်ထားပါတယ်။ သင်တန်းကျောင်းက ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် ဂျိုးဖြူသင်တန်းကျောင်းမှာ သင်တန်းဆင်းတာပါ။ ပေါ်တာအဆွဲခံရတာပါ။အရက်ဆိုင်မှာ အရက်သွားသောက်ရင်းနဲ့ နောက်ကျသွားလို့ အဲဒီအချိန်မှာ ပေါ်တာအဆွဲခံရတာပါ။ နေရာကတော့ တိုက်ကြီးမြို့နယ်မှာ နေပါတယ်။ သူက သူစခန်းကနေ ကင်းစောင့် တာဝန်ကျနေတဲ့အချိန်မှာ သေနတ်ယူပြီးတော့ ထွက်ပြေးလာတာပါ။ ဒီဘက်မှာ PDFတွေ စိုးမိုးထားတယ်။ PDFတွေရှိတယ်ဆိုတာသိလို့ သူက အဲဒီလိုမျိုးပဲ ထွက်ပြေးလာတာပါ။ ကြိုတင် ချိတ်ဆက်တာတော့မရှိပါဘူး။ အတင်းအဓမ္မ စုဆောင်းခံရတဲ့သူတွေ ကျွန်တော် အခုလိုဆိုရင် ပဲနွယ်ကုန်း- နတ်သံကွင်း ကျောက်ကြီး၊ လမ်းကြောင်းပေါ်က စခန်းတွေသည် ကျွန်တော်တို့ ၃၇၀၂ စိုးမိုးနယ်မြေနဲ့ အရမ်းနီးတဲ့ နေရာပေါ့ အဲဒီဘက်က စုဆောင်းခံရတဲ့သူတွေ ပြေးချင်တယ်ဆိုရင် ကျွန်တော်တို့တပ်ရင်းနဲ့ ကြိုတင်ချိတ်ဆက်လို့လည်းရမယ် နောက်ဆုံးသူတို့ရဲ့မိသားစု ဆွေးမျိုးသားချင်းတွေ Page ကနေတစ်ဆင့် ဆက်သွယ်ပြီး ချိတ်ဆက်လို့လည်းရပါတယ်။ အဲဒါလေးလည်း ပြောချင်ပါတယ်။ သူတို့ ပြေးဖို့စဉ်စားတယ်ဆိုရင်ပြောချင်တာက လက်နက်နဲ့တကွ ထွက်ပြေးတာအကောင်းဆုံးနည်းလမ်းပါ ကြိုးစားပြီးတော့လက်နက်ပါပါအောင် ကြိုးစားပြီး ယူဆောင်ခဲ့ကြဖို့လည်းတိုက်တွန်းချင်ပါတယ်လို့” ဟု ပဲခူးခရိုင် ၊ အမှတ် – ၂ တပ်ရင်း ၊ P2-3702 မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
