ငလျင်လှုပ်ပြီး ၁၅ ရက်အကြာ မင်းအောင်လှိုင်၊ ဇနီး၊ သားနှင့်သမီး မိသားစုဝင်အားလုံး တောင်ကြီး ရွှေဘုန်းပွင့်စေတီကို ယတြာချေ ထီးတော်တင်
မြန်မာနိုင်ငံတွင် လူသေဆုံးမှုနှင့် အပျက်အစီး များပြားသော ငလျင်လှုပ်ခတ်ပြီး ၁၅ ရက်အကြာ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ၊ ဇနီးကြူကြူ၊ သားအောင်ပြည့်စုံနှင့် သမီးခင်သီရိသက်မွန်တို့က ယတြာအဖြစ် တောင်ကြီးမြို့ရှိ ရွှေဘုန်းပွင့်စေတီကို ထီးတောင်တင်ကြကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်များထံမှ သိရှိရသည်။
ဧပြီလ ၁၁ ရက်နေ့ မင်းအောင်လှိုင်နှင့်မိသားစုက တောင်ကြီးမြို့သို့ သွားရောက်ကာ ရွှေဘုန်းပွင့်စေတီတော်ကို ထီးတော်တင်ခြင်းဖြစ်ကြောင်း၊ မင်းအောင်လှိုင်မိသားစုက စေတီတော်တွင် ရွှေစင် ၆ ကျပ်သားရှိ ရွှေသင်္ကန်း ၁ ချပ်ကို ကပ်လှူခဲ့သည့်အပြင် ထီးတော်တင်ခြင်းနှင့်ရွှေသင်္ကန်လှူခြင်းတို့မှာလည်း ယတြာအဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊တောင်ကြီးမြို့ရှိ ရွှေဘုန်းပွင့်စေတီကို ထီးတော်တင်ရာတွင် မင်းအောင်လှိုင်၏မိသားစုဝင်အားလုံးက ဘုရားရင် ပြင်ပေါ်တွင် ဘုရားထီးတော်နှင့်အတူ လှည့်လည်ခဲ့ကြကြောင်း သိရှိရသည်။
မတ်လ ၂၈ ရက်နေ့ စစ်ကိုင်း ငလျင်ကြီးလှုပ်ခတ်ပြီးနောက် မင်းအောင်လှိုင်က တစ်နိုင်ငံလုံးတွင် ဧပြီလ ၈ ရက်နေ့မှ ဧပြီလ ၁၆ ရက်နေ့ အထိ ည ၇ နာရီတိုင်း ၉ ရက် ၊ ၉ ကြိမ် ရတနာသုတ်များ ရွတ်ဖတ်ခိုင်းခြင်း၊ ရှေ့တန်းစခန်းများ၊ ဝန်ကြီးဌာနရုံးများ၊ တပ်ရင်းတပ်ဖွဲ့များတွင်ပါ ရတနာသုတ်ရွတ်ဖတ်ပွဲများ လုပ်ဆောင်ခိုင်းခြင်း လုပ် ဆောင်ခဲ့ပြီးနောက် ယခုနောက်ဆုံးတွင် တောင်ကြီးမြို့ ရွှေဘုန်းပွင့် စေတီကို ယတြာချေသည့်အနေဖြင့် ထီးတော်တင်ခြင်းများ လုပ်ဆောင်လာခြင်းဖြစ်သည်။
နေပြည်တော်တစ်ခွင် မြို့ပျက်ကြီးကဲ့သို့ ဖြစ်စေခဲ့သော မတ်လ ၂၈ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် မင်းအောင်လှိုင်နှင့်မိသားစုက နေပြည်တော်နေအိမ်သို့ ၎င်းကိုးကွယ်နေသည့် ၀စီပိတ်ဆရာတော်ကို ပင့်၍ ယတြာချေခြင်း အပါအဝင် ယတြာချေမှုများ ဆက်တိုက် လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
တောင်ကြီးမြို့၊ ရွှေဘုန်းပွင့်စေတီ ထီးတော်တင်ချိန် KBZ လုပ်ငန်းစု၏ ဥက္ကဋ္ဌ အောင်ကိုဝင်း (ခ) ဆရာကျောင်းလည်းပါဝင်ခဲ့ကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက် ဓာတ်ပုံများတွင် ဖော်ပြထားသည်။


