သပိတ်ကျင်းမြို့နယ်၊ ကြက်ရိုးပင်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှု ပြည်သူ ၄ ဦးဒဏ်ရာရပြီး နေအိမ်အဆောက်အအုံများ ပျက်စီး
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ၊ ကြက်ရိုးပင်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်နှင့်အဆောက်အအုံ ၃ လုံးခန့် ပျက်စီးခဲ့ကြောင်း ပြင်ဦးလွင်ခရိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဧပြီလ ၁၁ ရက်နေ့ ည ၁၀ နာရီ ၂၁ မိနစ်အချိန် သပိတ်ကျင်းမြို့နယ် ၊ ကြက်ရိုးပင်ရွာတွင် တိုက် ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာရရှိကြောင်း၊ Golden Hill ကေတီဗွီ အဆောက်အဦး အပါအဝင် လူနေအိမ် ၃ လုံးခန့် ပျက်စီးပြီး နွား ၁ ကောင် သေဆုံးခဲ့ကြောင်းသိရသည်။
“အဆောက်အအုံက ၃ လုံးလောက်ထိခိုက်ပျက်စီးတယ်။ ဒဏ်ရာရတဲ့သူ ၄ ယောက်ကတော့ အရမ်း ကြီး မစိုးရိမ်ရဘူးလို့ သိရတယ်။ ဗုံးက ပေါင် ၂၀၀ ဗုံးလို့ ယူဆရတယ်၊ တစ်လုံးပဲ ကျဲသွားတာ၊ စစ် တပ်က လေကြောင်းတိုက်ခိုက်မှု နားမယ်၊ နားမယ်ဆိုပြီး အာချောင်တာပဲရှိတယ်။ ပြည်သူတွေ ဒီ လောက် စိတ်ဒုက္ခရောက်နေတာ၊ စားစရာ၊ နေစရာတွေအရမ်းခက်ခဲနေတဲ့အချိန် သူတို့က ပြည်သူ တွေ ပိုဒုက္ခရောက်အောင်လုပ်တယ်။ အပစ်အခတ်ရပ်စဲမယ်ဆိုပြီး ပြည်သူတွေကို ကူညီနေတာ ဘာမှ မရှိဘူး။ ပြင်ဦးလွင်ခရိုင်မှာ ဆိုရင် သပိတ်ကျင်း ၊ စဉ့်ကူး၊ မတ္တရာ မြို့နယ်တွေကို ကျဲနေတယ်။” ဟု ပြင်ဦးလွင်ခရိုင် ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က ယာယီအပစ်အခတ်ရပ်စဲသည် ဟု ကြေညာထားသော်လည်း လေ ကြောင်းမှ အဆက်မပြတ်ဗုံးကျဲတိုက်ခိုက်နေသောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ တပ်သားများ နှင့် ဝေးရာတွင်နေထိုင်ကြရန်၊ လေကြောင်းရန်ကာကွယ်နိုင်ရန်အတွက် ပုန်းခိုကျင်း များ တူးထားကြရန်၊ လေကြောင်းရန် သတိပေးချက်များကို လိုက်နာပေးကြပါရန် တိုက်တွန်း နှိုးဆော်ထားသည်။



