ထိုင်း-မြန်မာ နယ်စပ်ရှိ ထီးထဗျူဟာကုန်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲနေ
ထိုင်း-မြန်မာ နယ်စပ်ရှိ ထီးထဗျူဟာကုန်းတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၁၃ ရက်နေ့မှ စတင်၍ ထိုင်း-မြန်မာ နယ်စပ် ထီးခီးလမ်းတောင်ကြောရှိ အကြမ်းဖက် စစ်တပ်၏ ထီးထဗျူဟာကုန်းတွင် တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဆက်တိုက် လေကြောင်း တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ ထိတွေ့ တိုက်ပွဲများသည် လက်ရှိချိန်တွင် ငြိမ်သတ်နေကြောင်း သိရှိရသည်။
အဆိုပါ ထီးထဗျူဟာကုန်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သား အင်အား ရာနှင့်ချီရှိပြီး အခိုင်အမာ တပ်စွဲထားသော စခန်းတစ်ခုဖြစ်ကြောင်း သိရသည်။
“တိုက်ပွဲကတော့ ဖြစ်နေတာဟုတ်တယ်။ အခုတော့ ငြိမ်သွားပြီ စစ်ခွေးတွေကတော့ လေယာဉ်နဲ့ ဆက်တိုက် ဗုံးကျဲနေတယ်။ တိုက်ပွဲကတော့ ဆက်မဖြစ်တော့ဘူး။ သေနတ်သံတွေ ငြိမ်နေတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။
