မင်းတပ်မြို့နယ်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၆ ဦးသေဆုံး
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၈ လ နှင့် ၇ နှစ်အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ကိုယောမာန်က ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။
ဧပြီလ ၉ ရက်နေ့ ည ၉ နာရီခန့်အချိန် မင်းတပ်မြို့နယ်၊ ဖွီကျေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း အသက် ၈ လသားအရွယ် လူမမယ် ကလေးငယ် ၁ ဦး၊ ၇ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ မသန်စွမ်းလူငယ် ၁ ဦး၊ အသက် ၇၀ ဝန်းကျင် သက်ကြီးရွယ်အို ၂ ဦး အပါအဝင် ခရစ်ယာန်ပါစတာ ၁ ဦးတို့ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် လူနေအိမ် ၁၂ လုံး နှင့် ခရစ်ယာန် ဘုရားကျောင်း ၁ ကျောင်း ပျက်စီးခဲ့ပြီး မီးလောင်ပြာကျသည့် နေအိမ်တချို့လည်း ရှိကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို မင်းတပ်မြို့ နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထောက်ပံ့ငွေကျပ် ၁၈၆၀၀၀၀ သိန်း အပါအဝင် မင်းတပ်မြို့နေ ပြည်သူများ၏ ကူညီလှူဒါန်းမှူများဖြစ်သော အလှူငွေ စုစုပေါင်း ငွေကျပ် ၃၃၄၀၀၀၀ သိန်းကျပ် ကို သေဆုံးသူမိသားစု ၊ နေအိမ်ပျက်စီးသူများနှင့် ထိခိုက်ဒဏ်ရာရသူများကို ပံ့ပိုးကူညီပေးခဲ့ကြောင်း သိရှိရသည်။
အလားတူ ဧပြီ ၁၃ ရက်နေ့ကလည်း အကြမ်းဖက် စစ်ကောင်စီက မင်းတပ်မြို့မနှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်းကို လေ ကြောင်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသူ မရှိသော်လည်း ဘုရားကျောင်းဝင်းအတွင်းရှိ အဆောက်အဦများ အကြီးအကျယ်ပျက်စီးကာ ခရိုင်ပညာရေးရုံးနှင့်တကွ တစ်မြို့လုံးရှိ လူနေအိမ်၊ ရုံးနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အဦများ အနည်းနှင့်အများ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။
“စစ်ကောင်စီရဲ့ လုပ်ရပ်ကို ပြောလည်း ဘာထူးတာမို့လို့ ဘာမှ ရှုတ်ချတာ ကန့်ကွက်တာ လုပ်မနေတော့ဘူး။ စစ်အာဏာရှင် ဖြုတ်ချဖို့ လုပ်စရာရှိတာ ဆက်လုပ်သွားကြမှာပဲ” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ကိုယောမာန်က ပြောဆိုသည်။


