25.8 C
Yangon

စစ်တပ်ပိုင် Mytel ကုမ္ပဏီက လူထုစိတ်ဝင်စားစေရန် ကမ္ဘာဘောလုံးပွဲ အကြောင်းအရာများ ဖော်ပြနေသည့် TV360 Facebook စာမျက်နှာကို Facebook က ဖယ်ရှား

Must read

ရန်ကုန်၊ ဇွန် ၁၃

Facebook ၏ မိခင်ကုမ္ပဏီဖြစ်သော Meta သည် စစ်တပ်ပိုင် ဆက်သွယ်ရေးအော်ပရေတာ Mytel ပိုင်ဆိုင်သည့် TV360 Facebook စာမျက်နှာကို သောကြာနေ့တွင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ အပြီး တိုင် ဖယ်ရှားလိုက်ကြောင်း Justice for Myanmar ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

အဆိုပါ TV360 Facebook စာမျက်နှာကို စစ်တပ်ပိုင်ကုမ္ပဏီဖြစ်သော Mytel က ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ မြန်မာနိုင်ငံတွင်း ထုတ်လွှင့်ပြသမှုကို ကြော်ငြာရန်နှင့် လူထုစိတ်ဝင်စားမှုရရှိစေရန် အသုံးချနေခဲ့ခြင်းဖြစ်သည်။

အဆိုပါ TV360 စာမျက်နှာ ဖယ်ရှားခံရခြင်းနှင့် ပတ်သက်၍ Justice For Myanmar က “မြန်မာစစ်တပ်နှင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို Meta က ၎င်း၏ ပလက်ဖောင်းများပေါ်တွင် အသုံးပြုခွင့် တားမြစ်ပိတ်ပင်ထားသည့် မူဝါဒ” အရ သောကြာနေ့အစောပိုင်းတွင် Facebook ထံသို့ အထောက်အထားများနှင့်တကွ အသိပေးတိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ် ဖီဖာ (FIFA) က နိုင်ငံတကာ၏ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားပြီး ရက်စက်ကြမ်းကြုတ်သည့် စစ်အုပ်စုအတွက် အဓိကဝင်ငွေရင်းမြစ် ဖြစ်နေသော Mytel ထံသို့ မြန်မာနိုင်ငံအတွက် တစ်ဦးတည်းမူပိုင် ထုတ်လွှင့်ခွင့်ကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးဖြစ်သော မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) က ပူးတွဲပိုင်ဆိုင်ထားသည့် Mytel ထံသို့ မီဒီယာထုတ်လွှင့်ခွင့် ပေးအပ်ခဲ့သည့် ဖီဖာ၏ ဆုံးဖြတ်ချက်အပေါ် Justice For Myanmar (JFM) အဖွဲ့က ပြင်းထန်စွာ ရှုတ်ချထားပြီး၊ ယင်းသည် ဖီဖာအနေဖြင့် ၎င်းတို့ကိုယ်တိုင် ထုတ်ပြန်ထားသည့် လူ့အခွင့်အရေးဆိုင်ရာ တင်ကြိုစိစစ်မှုများ ပြုလုပ်ရန် ပျက်ကွက်ခဲ့ကာ လူ့အခွင့်အရေးကို ဆိုးဆိုးရွားရွား လျစ်လျူရှုသည့် လုပ်ရပ်ဖြစ်ကြောင်း ထောက်ပြထားသည်။

စစ်ရာဇဝတ်မှုများကို ငွေကြေးနှင့် ဒစ်ဂျစ်တယ်စောင့်ကြည့်ရေးဖြင့် ကူညီနေသည့် Mytel

Justice For Myanmar ၏ လေ့လာဆန်းစစ်ချက်များအရ မြန်မာစစ်တပ်၏ ရှယ်ယာပိုင်ဆိုင်မှုများကြောင့် Mytel လုပ်ငန်းစတင်လည်ပတ်သည့် ပဉ္စမနှစ်မှ နဝမနှစ်ကာလအတွင်း အမေရိကန်ဒေါ်လာ သန်း ၂၇၀ ထိ ရရှိနိုင်ပြီး၊ ယင်းနောက်ပိုင်း ၅ နှစ်အတွင်းတွင် နောက်ထပ် အမေရိကန်ဒေါ်လာ သန်း ၄၅၀ အထိ ထပ်မံရရှိနိုင်ကြောင်း တွေ့ရှိရသဖြင့် ယင်းသည် စစ်တပ်နှင့် ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးများအတွက် အလွန်ကြီးမားသည့် ငွေကြေးအကျိုးအမြတ်တစ်ရပ် ဖြစ်နေသည်။

ထို့အပြင် Mytel သည် စစ်တပ်ကို ငွေကြေးထောက်ပံ့ပေးခြင်းသာမက စစ်ကောင်စီ၏ ဒစ်ဂျစ်တယ်စောင့်ကြည့်ထောက်လှမ်းရေးလုပ်ငန်းများကိုပါ ကူညီဆောင်ရွက်ပေးနေခြင်းကြောင့် ပြည်သူများအပေါ် ဆက်လက်ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို တိုက်ရိုက်ကူညီအားပေးရာ ရောက်နေကြောင်း JFM က ထုတ်ပြန်ထားသည်။

ယင်းသို့ နည်းပညာနှင့် ငွေကြေးပံ့ပိုးမှုများ ပြุလုပ်နေခြင်းကြောင့် အမေရိကန် ကုန်သွယ်ရေးဝန် ကြီးဌာနက Mytel အား ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားသလို၊ မိခင်ကုမ္ပဏီဖြစ်သော MEC ကိုလည်း အမေရိကန်၊ ယူကေ၊ အီးယူ၊ ကနေဒါနှင့် သြสတြေးလျနိုင်ငံတို့က တိုက်ရိုက် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားပြီး ဖြစ်သည်။

ဖီဖာသည် ယခင်ကလည်း စစ်တပ်ခရိုနီဖြစ်သူ Max Myanmar ကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်အား ဖီဖာ၏ လူမှုအကျိုးပြုလုပ်ငန်းကော်မတီ ဥက္ကဌအဖြစ် ခန့်အပ်ခဲ့သည့် ဆုံးဖြတ်ချက်မျိုး ချမှတ်ခဲ့ဖူးပြီး၊ ယခုတစ်ကြိမ်တွင် Mytel နှင့် စီးပွားရေးပူးပေါင်းမှု ထပ်မံပေါ်ထွက်လာခြင်း ဖြစ်သည်။

အဆိုပါ Max Myanmar သည် ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပွားစဉ်က စစ်တပ်အား ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်က ၂၀၁၉ ခုနှစ်တွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၌ ပါဝင်ပတ်သက်မှု ရှိမရှိ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် သုံးသပ်ခဲ့ဖူးသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

ထို့ကြောင့် ဖီဖာအနေဖြင့် မြန်မာစစ်အုပ်စု၊ ၎င်းတို့၏ ခရိုနီများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို ချက်ချင်းရပ်တန့်ရမည်ဖြစ်ပြီး၊ ၎င်းတို့ကိုယ်တိုင် ထုတ်ပြန်ကြေညာထားသည့် လူ့အခွင့်အရေးဆိုင်ရာ ကတိကဝတ်များနှင့် နိုင်ငံတကာတာဝန်၀တ္တရားများကို လက်တွေ့ကျကျ လိုက်နာဆောင်ရွက်ရန် Justice For Myanmar က တောင်းဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article