ရန်ကုန်၊ ဇွန် ၁၄
တောင်အာဖရိကနိုင်ငံမှ လူငယ်အမျိုးသား၊ အမျိုးသမီးများသည် ထိုင်းနိုင်ငံတွင် လစာကောင်းသော အလုပ်အကိုင်များ ရရှိမည်ဟူသော ကတိကဝတ်များဖြင့် လိမ်လည်လှည့်ဖြားခံရကာ အိမ်နီးချင်း မြန်မာနိုင်ငံရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (Scam)သို့ ရောင်းစားခံရပြီး ငရဲကဲ့သို့ ဆိုးရွားသော အခြေ အနေများနှင့် ကြုံတွေ့နေရသဖြင့် သတိထားကြရန် လူကုန်ကူးမှုဂိုဏ်းများထံမှ လွတ်မြောက်လာသူများက သတိပေးပြောဆိုလိုက်ကြသည်။
ယခုသီတင်းပတ်အတွင်း ပြုလုပ်ခဲ့သည့် တောင်အာဖရိကနိုင်ငံ၊ ဂေါတန်း (Gauteng) ပြည်နယ်၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ လူကုန်ကူးမှုတိုက်ဖျက်ရေး ဆွေးနွေးပွဲတွင် မကြာသေးမီကမှ တောင်အာဖရိကနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ခဲ့သည့် လွတ်မြောက်လာသူများက ၎င်းတို့ ကြုံတွေ့ခဲ့ရသည့် အခြေအနေများကို ပြန်လည်ပြောပြခဲ့ကြသည်။
အဆိုပါ လူကုန်ကူးခံရသူများက လစာမြင့်မားခြင်း၊ နေထိုင်စရိတ် အခမဲ့ရရှိခြင်းနှင့် လေယာဉ်လက် မှတ်ခများ အခမဲ့စီစဉ်ပေးခြင်း စသည့် မက်လုံးများဖြင့် ဆွဲဆောင်ခြင်းခံခဲ့ရသော်လည်း၊ အမှန်တကယ် သွားရောက်သည့်အခါတွင်မူ အဆိုပါ အလုပ်အကိုင်များမှာ တည်ရှိခြင်းပင်မရှိကြောင်း ထုတ်ဖော်ပြောဆိုကြသည်။
ယင်းသို့ လိမ်လည်ခံရသူများထဲတွင် ဆိုဝီတို (Soweto) မြို့မှ နေထိုင်သူ မာကတ်တင်းဘွဲ့ရတစ်ဦးဖြစ်သည့် သာမီ မန်ဂေစီ (Thami Mangesi) လည်း ပါဝင်ပြီး၊ ၎င်းအား ယခင်က အလွန်ယုံကြည်စိတ်ချခဲ့ရသည့် လုပ်ဖော်ကိုင်ဖက်ဟောင်းတစ်ဦးက စည်းရုံးသိမ်းသွင်းခဲ့ခြင်းဖြစ်သည်။
မန်ဂေစီက “ကျွန်တော် သူ့ကို ကိုယ့်ညီအစ်ကိုအရင်းလို ယုံကြည်ခဲ့တာ။ သူ့ရဲ့ ရည်ရွယ်ချက်အပေါ် ဘာတစ်ချက်မှ သံသယ မဝင်ခဲ့မိဘူး” ဟု ၎င်း၏ ခံစားချက်ကို ဖွင့်ဟပြောဆိုခဲ့သည်။
ထိုင်းနိုင်ငံတွင် အွန်လိုင်းမာကတ်တင်းသမားများအတွက် အခွင့်အလမ်းကောင်းများ ရှိနေသည်ဟု ကြားသိရသဖြင့် မိမိဘဝ တိုးတက်ပြောင်းလဲနိုင်မည့် အခွင့်အရေးဟု ယူဆကာ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော်လည်း အမှန်တကယ်တွင်မူ ၎င်းအပါအဝင် အခြားသူများအားလုံး မြန်မာနိုင်ငံအတွင်းသို့ အဓမ္မသယ်ဆောင်ခြင်း ခံခဲ့ရပြီး၊ အွန်လိုင်းကျားဖြန့်ငွေလိမ်ဂိုဏ်း (Scam) လုပ်ငန်းများတွင် အတင်းအဓမ္မ စေခိုင်းခြင်းခံခဲ့ရကြောင်း သူက ရှင်းပြသည်။
“ဒီနေ့မှာတော့ တက္ကစီဂိတ်တစ်ခုမှာ မုန့်တွေ၊ မီးဖိုချောင်သုံး အဝတ်စတွေနဲ့ သကြားလုံးတွေကို လိုက်ရောင်းနေရတဲ့ ဘဝရောက်ခဲ့ရပြီ။ ကျွန်တော့်အပေါ် ဘာတွေပဲ ကြုံခဲ့ကြုံခဲ့၊ ဒါတွေက ကျွန်တော့်ရဲ့ ဖြစ်တည်မှုကို သတ်မှတ်သွားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ လူငယ်တွေကို ပြောချင်တာကတော့ အွန်လိုင်းကဖြစ်စေ၊ ပြည်ပကဖြစ်စေ အလုပ်ကမ်းလှမ်းချက်တွေကို လက်မခံခင်မှာ သေချာစုံစမ်းစစ် ဆေးမှုတွေ ပြုလုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု မန်ဂေစီက ၎င်း၏ လက်ရှိဘဝအခြေအနေနှင့် လူငယ်များအတွက် အကြံပြုချက်ကို ပြောကြားခဲ့သည်။
လက်ရှိတွင် လူမှုကွန်ရက်စာမျက်နှာများနှင့် တရားမဝင် အလုပ်အကိုင် ရှာဖွေရေးကွန်ရက်များမှတစ် ဆင့် အလုပ်လက်မဲ့ ဖြစ်နေသော လူငယ်များကို ပစ်မှတ်ထားကာ လူကုန်ကူးနေသည့် နိုင်ငံတကာ ရာဇ ဝတ်ဂိုဏ်းများနှင့် ပတ်သက်၍ နိုင်ငံတကာတွင် စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိသည်။
ဂေါတန်းပြည်နယ်၏ လူမှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမှုဆောင်ကောင်စီဝင် (MEC) ဖြစ်သူ နိုမန်တူ နကိုမို-ရာလေဟိုကို (Nomantu Nkomo-Ralehoko) က လူကုန်ကူးမှုပြဿနာသည် အစိုးရဌာနများ၊ တရားဥပဒေစိုးမိုးရေးအေဂျင်စီများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍများအကြား အနီးကပ်ပူးပေါင်းဆောင်ရွက်မှု လိုအပ်နေသည့် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုဖြစ် ကြောင်း ပြောကြားသည်။
ထို့ပြင် နကိုမို-ရာလေဟိုကို က လူငယ်များအနေဖြင့် ပြည်ပအလုပ်အကိုင် ကမ်းလှမ်းချက်များကို မိမိဘာသာ သီးခြားခိုင်မာစွာ ထပ်ဆင့်စိစစ်ကြရန်၊ ပြည်ပတွင် အလုပ်အကိုင် ချက်ချင်းရရှိမည်ဟု မက်လုံး ပေးသည့် အကျိုးဆောင်များကို သတိထားကြရန်နှင့် ခရီးမထွက်ခွာမီ သံသယဖြစ်ဖွယ် အလုပ်အကိုင် ရှာဖွေရေး လှုပ်ရှားမှုများကို တွေ့ရှိပါက သက်ဆိုင်ရာ အာဏာပိုင်များထံ ချက်ချင်း တိုင်ကြားကြရန် ပြင်းထန်စွာ တိုက်တွန်းနှိုးဆော်ထားသည်။
(တောင်အာဖရိက Sowetan သတင်းဌာနက ဇွန်လ ၁၂ ရက်နေ့ ဖော်ပြထားသော Promised job in Thailand, trapped in Myanmar: trafficking survivor warns SA youth ကို ဘာသာပြန် ဆိုထားပါသည်။)





