27 C
Yangon

ယာယီအပစ်အခတ်ရပ်စဲရေး ဟန်ပြ ကြေညာပြီး တိုက်ခိုက်မှုများ နေ့စဉ်လုပ်နေ၍ စစ်ကောင်စီကို စောင့်ကြည့်မည့် နိုင်ငံတကာယန္တရား တစ်ခု ထူထောင်ရန် လိုအပ်မည်ဟု NUG ပြော

Must read

ယာယီအပစ်အခတ်ရပ်စဲရေး ဟန်ပြ ကြေညာပြီး တိုက်ခိုက်မှုများ နေ့စဉ်လုပ်နေ၍ စစ်ကောင်စီကို စောင့်ကြည့်မည့် နိုင်ငံတကာယန္တရား တစ်ခု ထူထောင်ရန် လိုအပ်မည်ဟု NUG ပြော

🟥 အပစ်ရပ်ကြေညာပြီးနောက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၆၄ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၁၅

အကြမ်းဖက် စစ်ကောင်စီက ဟန်ပြ ယာယီအပစ်အခတ်ရပ်စဲရေး ကြေညာပြီး တိုက်ခိုက်မှုများ နေ့စဉ်လုပ်နေ၍ စစ်တပ်ကို စောင့်ကြည့်မည့် နိုင်ငံတကာယန္တရား တစ်ခု ထူထောင်ရန် လိုအပ်မည်ဖြစ်ကြောင်း အမျိုးသားညီ ညွတ် ရေးအစိုးရ- NUG၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုသည်။

ယနေ့ ထုတ်ပြန်သည့် ပြည်သူလူထု နှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း ၈/၂၀၂၅ အစီအစဉ်တွင် ဦးနေဘုန်းလတ်က အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်တပ်က ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၂၂ ရက်နေ့အထိ ယာယီ အပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည်း နေ့စဉ်တိုက်ခိုက်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများ၊ စစ်ကြောင်းထိုးမှုများ ကျူးလွန်နေကြောင်း၊ စစ် တပ်၏ တိုက်ခိုက်မှုများကြောင့် ဧပြီလ ၃ ရက်နေ့မှ ဧပြီလ ၁၃ ရက်နေ့အထိ ပြည်သူ ၆၄ ဦးသေဆုံးခဲ့ရကြောင်း ၎င်းက ရှင်းပြသည်။

“အကြမ်းဖက်စစ်တပ်က ဧပြီလ ၂ ရက်နေ့မှာ ယာယီအပစ်အခတ်ရပ်စဲကြောင်းကို ဟန်ပြကြေညာခဲ့ပြီး နောက်ပိုင်းမှာ ဂျက်ဖိုင်တာ၊ ပါရာမော်တာ နဲ့ Drone တွေကို အသုံးပြုပြီးလေကြောင်းတိုက်ခိုက်မှုတွေ စဉ်ဆက်မပြတ် ပြုလုပ်ခဲ့သလို၊ လက်နက်ကြီးပစ်ခတ်မှု တွေကိုလည်း နေ့စဉ်ရက်ဆက် ပြုလုပ်ခဲ့ပါတယ်။ အချက် အလက်တွေအရ ဧပြီလ ၃ ရက်နေ့ကနေ ဧပြီလ ၁၃ ရက်နေ့အထိ တိုင်းနဲ့ပြည်နယ် ၁၂ ခုမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်ပေါင်း ၆၈ ရှိခဲ့ပြီး အဲဒီ့ဖြစ်စဉ်တွေမှာ ပြည်သူ ၆၄ ဦးသေဆုံးခဲ့ရပြီး ၈၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးသူတွေအထဲမှာ သံဃာတော်တွေ၊ ကိုရင်တွေ၊ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးတွေလည်း ပါဝင်ပါတယ်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူနေအိမ်ခြေ ၆၄ လုံး၊ စာသင်ကျောင်း ၄ ကျောင်းနဲ့ ဘုန်းကြီးကျောင်း ၃ ကျောင်းနဲ့ ခရစ်ယာန်ဘုရားကျောင်း ၁ ကျောင်း တို့ ပျက်စီးဆုံးရှုံးခဲ့ပါတယ်” ဟု ဦးနေဘုန်းလတ်က ရှင်းပြသည်။

ထို့ကြောင့် စစ်ကောင်စီ၏ အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်မည့် နိုင်ငံတကာ ယန္တရား တစ်ခု ထူထောင်ရေး အရေးကြီးကြောင်း ၎င်းက ဆိုသည်။

“ဒီလို လေကြောင်းတိုက်ခိုက်မှုတွေအပြင် လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေလည်းရှိခဲ့သလို မြေပြင်ကနေ စစ် ကြောင်း ထိုးတဲ့အတွက် ထိတွေ့တိုက်ပွဲတွေလည်း ရှိနေခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် ထိုးစစ်ရပ်စဲထားတဲ့ကာလ တွေမှာ အကြမ်းဖက်စစ်အုပ်စုကအခုလို လေကြောင်းတိုက်ခိုက်မှုတွေ လက်နက်ကြီးပစ်ခတ်မှုတွေ၊ စစ်ကြောင်းထိုးမှုတွေ ပြုလုပ်နေတာကြောင့် နိုင်ငံတကာအနေနဲ့ စောင့်ကြည့်ရေး ယန္တရား တခု ထူထောင်စောင့်ကြည့်ဖို့လိုအပ်မယ်ဆိုတာကိုလည်း သတင်းစကားပေး လိုပါတယ်” ဟု ဦးနေဘုန်းလတ်က ရှင်းပြသည်။

ယနေ့တွင်လည်း စစ်တပ်က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ ကမ်းနီဘုန်းကြီးကျောင်းကို လေယာဉ်ဖြင့် ဗုံးကျဲခဲ့သဖြင့် ပြည်သူ ၆ ဦး သေဆုံးပြီး သံဃာတော် ၄ ပါး အပါအဝင် ပြည်သူ ၂၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article