ရန်ကုန်၊ ဧပြီ ၁၇
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ သာယာဝတီမြို့နယ်နှင့် မကွေးတိုင်း၊ မင်းဘူးမြို့နယ် တို့တွင် အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများနှင့်စစ်တပ်တို့ ပူးပေါင်း၍ သင်္ကြန်ကာလအတွင်း လူငယ် ၂၀ နီးပါးကို ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံရသော လူငယ်များ၏ မိဘဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၁၃ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်အချိန် ကြို့ပင်ကောက်မြို့နယ်၊ သဲကုန်းရွာ၌ နေထိုင်ပြီး ကြို့ပင်ကောက်မြို့ပေါ် တွင် လာရောက် အလုပ်လုပ်သည့် ကိုနေဇော်မင်းနှင့် ကိုဇော်မျိုးအောင် တို့ကို ကျေးရွာအုပ်ချုပ်ရေးမှူး၏ သတင်းပေးပို့ချက်အရ အကြမ်းဖက် စစ်တပ်က စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးခံရပြီးနောက် မိသားစုဝင်များက ကြို့ပင်ကောက်မြို့နယ် ထွေ/အုပ်ရုံးကို သွားရောက်၍ ငွေကြေးဖြင့် ပြန်လည် ရွေးထုတ်ရန် လိုက်ဆောင်သွားသော်လည်း ထွေ/အုပ်ရုံးတွင် တပ်စွဲထားသော စစ်တပ်က ဖမ်းဆီးထားခြင်းမရှိဟု ငြင်းဆိုကာ မိသားစုဝင်များကို ဆဲဆို နှင်ထုတ်ခဲ့ကြောင်း သိရှိရသည်။
“မိသားစုက ထွေ/အုပ်ရုံးကို လိုက်တော့ စစ်ခွေးတွေက အတွေ့မခံဘူး။ ငြင်းလွှတ်ပြီး ဆဲဆိုနှင်ထုတ်လိုက်တယ်လို့ သိရတယ်။ မိသားစုဝင်တွေက ရင်းနှီးတဲ့သူတွေ အကူအညီတောင်းပြီး ရုံးက စစ်ဗိုလ်တွေ စကားပြောခိုင်းတော့ သူတို့ထဲက စကားသံ ထွက်လာတယ်။ သက်ရင်းကုန်းအုပ်စု အုပ်ချုပ်ရေးမှူးက ကိုနေဇော်မင်းနဲ့ ကိုဇော်မျိုးအောင်တို့ အလုပ်ထွက်သွားတဲ့ အချိန်နဲ့ သူတို့ဝတ်သွားတဲ့ အဝတ်အစားပုံစံတွေကို လှမ်းပြောပြီး စစ်မှုထမ်းဖို့ ဖမ်းခိုင်းတာလို့သိရတယ်” ဟု ဖမ်းဆီးခံရသူ၏ မိဘဆွေမျိုးတစ်ဦးက ပြောဆိုသည်။
အလားတူ သာယာဝတီမြို့နယ်၊ အောက်လက်ပံခုန်အုပ်စု အုပ်ချုပ်ရေးမှူး တင်စိုး ၊ ရာအိမ်မှုး သန်းစိုး ၊ ညောင်နီကုန်းရွာ ရာအိမ်မှုး တင်လှ၊ လက်ခွဲရွာ နှင့် ဝါးလေးရုံရွာ ရာအိမ်မှုး မျိုးဇော် တို့ က ဦးဆောင်ပြီး ကျေးရွာနေ လူငယ်များကို အကြမ်းဖက် စစ်တပ်ခေါ်၍ ဖမ်းဆီးခိုင်းနေကြောင်း သိရသည်။
အဆိုပါ အုပ်ချုပ်ရေးမှူး ဦးဆောင်သော အဖွဲ့သည် ဧပြီလ ၁ ရက်နေ့ ညပိုင်းက ညောင်နီကုန်းရွာမှ ကိုဇင်အောင်နှင့် ဧပြီလ ၂ ရက်နေ့ ညပိုင်းက အောက်လက်ပံခုန်ရွာမှ မောင်နွားကြီး ဆိုသူတို့ကို အကြမ်းဖက် စစ်တပ်ခေါ်ဆောင်၍ နေအိမ်ထဲထိ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် အုပ်ချုပ်ရေးမှူး တင်စိုးသည် အောက်လက်ပံခုန်အုပ်စုထဲရှိ ကျေးရွာများထဲမှ တစ်ရွာလျှင် လူငယ် ၂ ဦးနှုန်းဖြင့် လစဉ် စစ်မှုထမ်းရန် ဖမ်းဆီးခိုင်းနေခြင်းဖြစ်ပြီး ထပ်မံ ပေါ်တာဆွဲ ဖမ်းဆီးရန်လည်း လုပ်ဆောင်နေကြောင်း၊ ကျေးရွာများအတွင်းတွင်လည်း လစဉ် စစ်မှုထမ်းကြေးဟုဆိုကာ တစ်အိမ်လျှင် ငွေကျပ် ၃၅၀၀၀ မှ ၅၀၀၀၀ ထိ ကောက်ခံနေကြောင်း သိရသည်။
ထို့အတူ မင်းဘူးမြို့ တောင်ဘက်ပိုင်းရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က ဧပြီလ ၁၃ ရက်နေ့တွင် ဝင်ရောက် စီးနင်းပြီး လူငယ် ၉ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“မင်းဘူးမြို့ တောင်ဘက်ပိုင် ကျေးရွာတွေကို စစ်ခွေးတွေက ဝင်ရောက် စီးနင်းပြီး လူငယ် ၉ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးသွားတာ ဘယ်ကို ဖမ်းသွားတယ်ဆိုတာလဲ မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ – ၂၀၂၁ ခုနှစ်၊ ရန်ကုန်တွင် ဆန္ဒပြ ပြည်သူများကို စစ်တပ်က အကြမ်းဖက်ဖမ်းဆီးထားစဉ်။ (ပုံအဟောင်းဖြစ်သည်)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
