ရန်ကုန်၊ ဧပြီ ၁၇
ယနေ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့ မန္တလေးတိုင်း၊ မန္တလေးမြို့အနီးကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၆ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားခဲ့ရာ မန္တလေး၊ စစ်ကိုင်းမြို့နှင့် ပြင်ဦးလွင်မြို့များတွင် သိသာစွာ ခံစားရ ကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက်နှင့် မိုးလေဝသဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ယနေ့ ဧပြီလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂ မိနစ်အချိန် မန္တလေးမြို့၊ ပုသိမ်းကြီးမြို့ တောင်- အနောက်တောင်ဘက် ၂ မိုင်အကွာ အနက် ၁၁ ကီလိုမီတာကို ဗဟိုပြု၍ ၄ ဒသမ ၆ အဆင့်ရှိ ငလျင် လှုပ်ခတ်သွားခဲ့ကြောင်း၊ အဆိုပါ ငလျင်ကြောင့် မန္တလေးမြို့တွင် အလွန်သိသာစွာ ခံစားရပြီး ပြည်သူများ အထိတ်တလန့်ဖြစ်ကြကြောင်း သိရှိရသည်။
“ငလျင်က အတော်ကိုသိသာတာ။ ၀ုန်းကနဲကို လှုပ်တာ။ အချိန်တော့ အရမ်းမကြာလို့။ အချိန်ကြာရင် ပြိုဆဲတိုက်တွေတောင် ပြိုနိုင်တယ်။ ကြမ်းတယ်” ဟု မန္တလေးမြို့ခံ တစ်ဦးက ပြောဆိုသည်။
အလားတူ စစ်ကိုင်းမြို့၊ ပြင်ဦးလွင်မြို့တို့တွင်လည်း ယနေ့ မွန်းလွဲပိုင်း လှုပ်ခတ်သွားသော ငလျင်ကို သိသာစွာ ခံစားသိရှိရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
“စစ်ကိုင်းမှာလည်း အတော်ကြီးကို ခံစားရတယ်။ အိမ်တွေ တစ်ချက်တော့ ယိမ်းထိုးသွားတာ” ဟု စစ်ကိုင်းမြို့ ၊ ဇေယျာကွက်သစ်ရပ်ကွက်မှ ပြည်သူတစ်ဦးက ပြောဆိုသည်
မတ်လ ၂၈ ရက်နေ့ ပြင်းအား ၇ ဒသမ၇ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ငလျင်များ ဆက်တိုက် လှုပ်ခတ်နေရာ ယနေ့ ဧပြီလ ၁၇ ရက်နေ့ အထိ ငလျင်လှုပ်ခတ်မှုပေါင်း အကြိမ်ရေ ၁၄၀ ရှိလာပြီဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။
ဓာတ်ပုံ – မတ်လ ၂၈ ရက်နေ့ငလျင်ကြောင့် မန္တလေးတွင် ယနေ့အထိ တိမ်းစောင်းနေသော တိုက်တာများ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
