ရန်ကုန်၊ ဧပြီ ၁၈
မကွေးထောင်တွင် အကျဉ်းဦးစီးဌာန၏ ပစ်ခတ်မှုကြောင့် နိုင်ငံရေးအကျဉ်း သား စောရွှေအောင် အပါအဝင် နိုင်ငံ ရေးအကျဉ်းသား ၂ ဦး သေဆုံးကာ ၅ ဦးထက်မနည်း ဒဏ်ရာရ ဆေးဝါးကုသမှုခံယူနေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဧပြီလ ၁၃ ရက်နေ့ ညပိုင်း မကွေး ထောင်အနီး တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိုအချိန် ထောင်တွင်းတွင်လည်း အကျဉ်းဦးစီးဌာနဝန်ထမ်းများနှင့် အကျဉ်းသားများအကြား တင်းမာမှုနှင့် ထိတွေ့မှု ဖြစ်ပွားခဲ့ကြောင်း၊ အကျဉ်းဦးစီးဝန်ထမ်းများက ထောင်ဗူးဝနှင့် ကင်းမျှော်စင်မှ သေနတ်ပစ်ခတ်မှုကြောင့် နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၂ ဦး သေဆုံးကာ နိုင်ငံရေးအကျဉ်းသားနှင့် အကျဉ်းသားများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ လက်ရှိတွင် အကျဉ်းသား ၅ ဦးထက်မနည်း ဆေးဝါးကုသမှုခံယူနေရကြောင်း PPNM ထံမှ သိရှိရသည်။
“အကျဉ်းထောင်ထဲမှာရှိတဲ့ အကျဉ်းသားတွေ နိုင်ငံရေးအကျဉ်းသား အကျဉ်းသူတွေဟာ တော်လှန်ရေးအောင် မယ်ဆိုတဲ့ စိတ်နဲ့ အကျဉ်းထောင်ထဲမှာ အတတ်နိုင်ဆုံး ဘာပြဿနာမှ အဖြစ်မခံဘဲနဲ့ ထိခိုက်မှုမခံဘဲနဲ့ နေထိုင်ကြတယ်။ ကာလကြာလာတာနဲ့အမျှ အကျဉ်းထောင်ထဲမှာ သေဒဏ်ချခံရသူတွေ တစ်သက်တစ်ကျွန်းချခံရသူတွေ စိတ်ထဲမှာတော့ ထောင်ပြင်ပကို အမြန်ဆုံး လွတ်မြောက်နိုင်ရေးဆိုတဲ့ အခြေအနေလို့ ကျွန်တော်တို့က သုံးသပ်ပါတယ်။ ဒါကြောင့်မို့လို့လည်း ပြင်ပမှာ သေနတ်သံတွေကြားတိုင်း ဗုံးသံတွေ ကြားတိုင်းမှာ အကျဉ်းထောင်ထဲက နိုင်ကျဉ်းတွေဟာ ပျော်ရွှင်ကြည်နူးပြီးမှ အားတက်ရသလိုမျိုးပဲ တစ်ခါခါ မှာ ဒီလို တိုက်ပွဲတွေ ဖြစ်တယ်ဆိုတာ ခြေသံတွေ နီးလာတာနဲ့အမျှ အကျဉ်းထောင်ထဲမှာ ရှိတဲ့ သူတို့ရဲ့ စိတ်ကလည်း ဒါဟာ ငါတို့ကို လာကူတာပဲဆိုတဲ့ စိတ် သူတို့ခံစားကြရပြီးမှ အကျဉ်းထောင်ထဲက လွတ် မြောက်ရေးကို ကြိုးစားပြီး ပြင်ဆင်ကြတယ်ဆိုတဲ့ အခြေ အနေမျိုးကို ဖြစ်သွားစေတယ်လို့ သုံးသပ်ပါတယ်”ဟု ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
လက်ရှိတွင် စစ်တပ်က နိုင်ငံရေးအကျဉ်းသားများကို ထောင်တွင်းစုံစမ်း စစ် ဆေးမှုများလုပ်ဆောင်လျက်ရှိကြောင်း၊ အကျဉ်းသားများနှင့် ထောင်ဝန်ထမ်းများ ထိတွေ့မှုတွင် ထောင်ဝန်ထမ်းအချို့လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
“တစ်ယောက်နဲ့ တစ်ယောက်အပြစ်တင်တာမျိုး မဟုတ်ဘဲနဲ့ ကျွန်တော်တို့ရဲ့ အားနည်းချက်ကို ပိုမိုပြင်ဆင်ပြီးမှ အကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေရဲ့ မျှော်လင့်ချက်ဖြစ်တဲ့ ထောင်တံခါးတွေကို ချိုးဖျက်ပြီးတော့ နိုင်ငံရေစအကျဉ်းသားအားလုံး လွတ်မြောက်ရေးကိုတော့ ကိုယ်တိုင်ကြိုးစားတဲ့အခါမှာရော ကျွန်တော်တို့ အရှေ့က အစုအဖွဲ့တွေ ကြိုးစားတဲ့အခါမှာရော ပိုမို စနစ် တကျနဲ့ တစ်ဖက် အကျိုးရလဒ်မှာ နိုင်ကျဉ်းတွေ မထိခိုက်ဘဲနဲ့ တကယ်ကယ်ထုတ်နိုင်မယ့် နည်းလမ်း၊ မြို့သိမ်းတိုက်ပွဲတွေနဲ့အတူ ထောင်တံခါးတွေကို ချိုး ဖျက်မယ့် နည်းလမ်းတွေကို လုပ်နိုင်ရင်တော့ ပိုကောင်းတယ်လို့ ကျွန်တော်တို့က အကြံပြုတိုက်တွန်းချင်ပါတယ်”ဟု ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
(ဓာတ်ပုံမှာ ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
