ရန်ကုန်၊ ဧပြီ ၁၈
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် အဆောက် အအုံနှင့် နေအိမ်များ ပျက်စီးသွားကြောင်း ချင်းတော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၁၇ ရက်နေ့ ည ၁၀ နာရီအချိန် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို စစ်ကောင်စီတပ်က လေယာဉ်များဖြင့် ဗုံးကျဲချခဲ့ခြင်းဖြစ်ပြီး ဗုံးကျဲမှုကြောင့် လူထိခိုက်မှုမရှိသော်လည်း အဆောက်အအုံနှင့် နေအိမ်အများအပြား ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အလားတူ ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ကိုယောမာန်က ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။
ဧပြီလ ၁၆ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်အချိန် အကြမ်းဖက် စစ်တပ်က မင်းတပ်မြို့ကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း အစိုးရရုံး အဆောက်အဦး ၁ ခု၊ ဝန်ထမ်းအိမ်ရာ ၂ လုံးနှင့် နေအိမ် ၄ လုံး ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“ပြည်သူတွေ ထိခိုက်မှုတော့ မရှိပါဘူး။ အစိုးရရုံး အဆောက်အဦး၊ ဝန်ထမ်းအိမ်ရာနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးတယ်” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ကိုယောမာန်က ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
