ရန်ကုန်၊ ဧပြီ ၁၈
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်သဖြင့် ပြည်သူ ၁ ဦးသေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၁၈ ရက်နေ့ နံနက် ၉ နာရီ အချိန် ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့၊ ရေတွင်းကုန်းကျေးရွာ ဇရပ်ကုန်းအပိုင်းသို့ တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ပိန်းဇလုပ်မြို့ အခြေစိုက် ခလရ ၂၆၄ ကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဇရပ်ကုန်းကျေးရွာအတွင်း ထပ်မံကျရောက်ပေါက်ကွဲ၍ ပြည်သူတဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူမှာ အသက် ၄၂ နှစ်အရွယ် ကိုမျိုးသန့်ဖြစ်ပြီး ဘယ်ဘက်ရင်အုံသို့ ကျည်စထိမှန်သေဆုံးခဲ့ရကြောင်း သိရှိရသည်။
အလားတူ ယနေ့ ဧပြီလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်အချိန် မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက် ကျေးရွာ၊ စျေးတန်းနားသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံး ၂လုံး လာရောက် ကျဲချပြီး လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်သွားကြောင်း သိရှိရသည်။
“စျေးတန်းနားကို ဗုံးကျဲသွားတာ လူထိခိုက်မှုရှိပါတယ်။ အခုထက်ထိတော့ အတိအကျ မသိရသေးပါဘူး။ အဲဒီနားတ၀ိုက်မှာ လမ်းတွေ ပိတ်ထားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက မတ်လ ၂၈ ရက်နေ့ ငလျင်လှုပ်ခတ်ပြီးချိန်မှစတင်၍ နိုင်ငံတစ်ဝန်းလုံးတွင် လေ ကြောင်းတိုက်ခိုက်မှုများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း တော်လှန်ရေးအင်အားစုများက သတင်းနှင့် သတိပေးချက်များ ထုတ်ပြန်ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
