32 C
Yangon

ဗိုလ်ချုပ်ဟောင်း စိုးသိန်းနှင့်သား အေးချမ်းတို့က ပြည်သူ ၁၅ ဦးထက်မနည်းကို ကမာရွတ်၊ ဗဟန်းနှင့်ပန်းဘဲတန်းမြို့နယ်တို့တွင် ပုဒ်မ ၅၀၅ (က)၊ ၆၆ (ဃ) ဖြင့် အမှုဖွင့်သည့်အပြင် တရားမကြောင်းဖြင့် ပြည်သူ ၁ ဦးလျှင် ငွေကျပ် သိန်း ၃၀၀၀ စီ လျှော်ကြေးပေးရန် တရားစွဲတောင်းခံနေ

Must read

ရန်ကုန်၊ ဧပြီ ၂၄

အကြမ်းဖက် စစ်တပ်မှ ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်သော ဝန်ကြီးဟောင်း စိုးသိန်းနှင့် သားဖြစ်သူ အေးချမ်းတို့က ပြည်သူ ၁၅ ဦးထက်မနည်းကို ကမာရွတ်မြို့နယ်၊ ဗဟန်းမြို့နယ်နှင့် ပန်းဘဲတန်းမြို့နယ်တို့တွင် ပုဒ်မ ၅၀၅ (က)၊ ပုဒ်မ ၆၆ (ဃ) တို့ဖြင့် အမှုဖွင့်သည့်အပြင် တရားမကြောင်းဖြင့်ပါ ငွေကျပ် သိန်းထောင်ချီလျှော်ကြေးတောင်း နေကြောင်း ရန်ကုန်တိုင်းစစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ဗိုလ်ချုပ်ဟောင်း စိုးသိန်းနှင့် သား အေးချမ်းတို့က ဖေ့ဘုတ်စ် လူမှုကွန်ရက်တွင် စစ်အာဏာသိမ်းမှုကို ထောက်ခံသော မိသားစုအဖြစ် ဝေဖန်သော ပြည်သူမှန်သမျှကို မြို့နယ်ရဲတပ်ဖွဲ့များတွင် အမှုဖွင့်ခြင်း၊ မြို့နယ်တရားရုံးများတွင် တရားစွဲခြင်းနှင့် ခရိုင်တရားရုံးများတွင် သိန်းထောင်ချီ လျှော်ကြေးတောင်းမှုများ လုပ်ဆောင်နေခြင်းဖြစ် ကြောင်း၊ စိုးသိန်းသားအဖ၏ တရားစွဲခံရသူများတွင် သာမန်ပြည်သူမှစတင်၍ လုပ်ငန်းရှင်များအထိ ပါဝင်ကြောင်း သိရှိရသည်။

“ကမာရွတ်ခရိုင်တရားရုံးမှာ ပြည်သူ ၇ ဦးကို တရားမကြောင်းနဲ့ တစ်ဦးကို သိန်း ၃၀၀၀ လျှော်ကြေးပေးရမယ်ဆိုပြီး တရားစွဲတယ်။ ပုဒ်မ ၅၀၅ (က) ၊ ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်တယ်။ ဗဟန်းမြို့နယ်မှာလည်း ပြည်သူ ၇ ဦးကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်တယ်။ ပန်းဘဲတန်းမြို့နယ်မှာလည်း ပြည်သူတွေကို တရားစွဲထား အများကြီးပဲ။ အဓိက ဖေ့ဘုတ်စ်မှာ စစ်အာဏာသိမ်းမှု တရားခံက ဗိုလ်ချုပ်ကြီးဟောင်း စိုးသိန်းဖြစ်တယ်ဆိုတဲ့ ပို့စ်ကို ရှယ်ကြတာ၊ မှတ်ချက်ပေးတာ၊ Like လုပ်တဲ့သူတွေအားလုံးကို လိုက်ပြီး တရားစွဲနေတာ။ ဖေ့ဘုတ်စ်မှာ ဘယ်သူဘယ်ဝါဆိုတာ သူတို့ စုံစမ်းလို့ရတဲ့ သူမှန်သမျှကို အမှုဖွင့်ပြီး တရားစွဲနေတာ။ သာမန်ပြည်သူတွေရော လုပ်ငန်းရှင်တွေရောပါတယ်” ဟု ရန်ကုန်တိုင်းစစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

စစ်တပ်အသိုင်းအ၀ိုင်းလည်း ဖြစ်သည့်အပြင် သားဖြစ်သူ အေးချမ်းမှာ မင်းအောင်လှိုင်က ဖွဲ့စည်းပေးထားသော မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ အထွေထွေအတွင်းရေးမှူးအဖြစ်လည်း တာဝန်ယူထားကြောင်း၊ အဆိုပါအရှိန် အဝါများကို သုံး၍ တရားသူကြီးများနှင့်ပူးပေါင်းကာ တရားမကြောင်းအရ လျှော်ကြေးတောင်းမှုများကိုလည်း လုပ်ဆောင်နေကြောင်း၊ ကမာရွတ်ခရိုင်တရားရုံးတွင် ဂုဏ်သိက္ခာထိခိုက်နစ်နာစေသည့်အတွက် လျှော်ကြေးငွေရလိုမှုဖြင့် ပြည်သူ ၇ ဦးထံမှ တစ်ဦးလျှင် ငွေကျပ် သိန်း ၃၀၀၀ စီလျှော်ကြေးပေးရန် တရားစွဲဆိုထားပြီး ကမာရွတ်ခရိုင် တရားရုံးမှ ဒုတိယခရိုင်တရားသူကြီး ကေသီခိုင်က အမှုကို ကိုင် တွယ်နေကြောင်း သိရှိရသည်။

“အဖေကလည်း ဗိုလ်ချုပ်ဟောင်း စိုးသိန်း၊ သားဖြစ်သူ ဦးအေးချမ်းကလည်း သတင်းမီဒီယာကောင်စီအတွင်း ရေးမှူးဆိုတဲ့ ဩဇာအရှိန်နဲ့ တရားသူကြီးတွေကို ဖိအားပေးတယ်။ အမှုနိုင်အောင်လုပ်နေတယ်။ ကမာရွတ်ခရိုင်တရားရုံးမှာဆိုရင် သူ့အမှုကို ကိုင်တာက ဒုခရိုင်တရားသူကြီး ဒေါ်ကေသီခိုင်။ ဦးအေးချမ်းက တရားသူကြီး ဒေါ်ကေသီခိုင်ကို အပီအပြင်ကို ပေးကမ်းကျွေးမွေးထားတော့ အမှုက သူတို့ဘက်က အားသာနေတယ်” ဟု တရားရေး သတင်းရင်းမြစ်တစ်ခုက ရှင်းပြသည်။

ဗိုလ်ချုပ်ကြီးဟောင်း စိုးသိန်းသည် သမ္မတသိန်းစိန်အစိုးရလက်ထက်တွင် သမ္မတရုံးဝန်ကြီးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သူဖြစ်ပြီး အေးချမ်းမှာမူ လုပ်ငန်းရှင်လည်းဖြစ်ကာ မင်းအောင်လှိုင်ဖွဲ့စည်းထားသော သတင်းမီဒီယာကောင်စီတွင် အတွင်းရေးမှူး ရာထူးဖြင့် စစ်ကောင်စီအတွက် အဓိက ဝါဒဖြန့်ပေးနေသူလည်းဖြစ်သည်။

ဗိုလ်ချုပ်ဟောင်း စိုးသိန်း၏ သား အေးချမ်းက သတင်းမီဒီယာကောင်စီ၏ အတွင်းရေးမှူးအဖြစ် နိုင်ငံတကာ သတင်းမီဒီယာ ညီလာခံများသို့ တက်ရောက်ကာ NLD က မဲခိုးမဲလိမ်၍ စစ်တပ်က အာဏာထိန်းရကြောင်း၊ လူမှုကွန်ရက်မှတစ်ဆင့် သတင်းတု၊ သတင်းမှားများကို မီဒီယာများက ဖြန့်ဝေနေကြောင်း စသည်ဖြင့် စစ်ကောင်စီကို ကာကွယ်သော ဝါဒဖြန့်မှုများကို အကြီးအကျယ် လုပ်ဆောင်ခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article