32 C
Yangon

ဆိပ်ဖြူမြို့နယ်တွင် ကပစ ၂၂ က လူငယ်များကို ဖမ်းဆီးပြီး တစ်ဦးလျှင် သိန်း ၂၀ ဖြင့် ပြန်ရွေးခိုင်း၊ လှည်းကူးမှ အုပ်ချုပ်ရေးမှူးများက လူငယ်များကို အလုပ်ရရှိမည်ဟုလိမ်လည်ပြီး လူစားထိုးစစ်မှုထမ်းများအဖြစ် စစ်ထဲသွင်း

Must read

ရန်ကုန်၊ ဧပြီ ၂၄

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် ကပစ ၂၂ က လူငယ်များကို ဖမ်းဆီးပြီး တစ်ဦးလျှင် သိန်း ၂၀ ဖြင့် ပြန်ရွေးခိုင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၀ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် ဆိပ်ဖြူမြို့နယ်၊ တပေါင်းကျေးရွာတွင် အထိုင်ချထားသော ကပစ ၂၂ တပ်မှ အင်အား ၅၀ ပါ စစ်ကြောင်းက အောင်ချမ်းသာကျေးရွာမှ လူငယ်တစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် ယင်းလူငယ်၏ မိဘဆွေမျိုးများကို ဆက်သွယ်ကာ ငွေကျပ် သိန်း ၂၀ ဖြင့် လာရောက်ရွေးခိုင်းခဲ့ကြောင်း၊ ယင်းနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် ဖမ်းဆီးထားသော လူငယ်ကို ငွေကျပ် သိန်း ၂၀ ဖြင့် ရွေးယူခဲ့ရကြောင်း သိရှိရသည်။

အလားတူပင် ဆိပ်ဖြူမြို့နယ်၊ ထမ္မကောက်ကျေးရွာတွင် အထိုင်ချထားသော ကပစ ၂၂ တပ်မှ အင်အား ၈၀ ပါ စစ်တပ်ကလည်း စစ်ဆေးရေးဂိတ်ဖွင့်ကာ ငွေညှစ်မှုများ၊ လူငယ်များကို ဖမ်းဆီးပြီး ရွေးယူခိုင်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

“ဆိပ်ဖြူမှာရှိတဲ့ ကပစ ၂၂ ရဲ့ အထိုင်တပ်စခန်းခွဲတွေကနေ လူငယ်တွေကို ဖမ်းဆီးပြီး ပြန်ရွေးခိုင်းတာတွေ အရမ်းများလာတယ်။ စစ်ဆေးရေးဂိတ်ဖွင့်ပြီး ဆက်ကြေးတွေ တောင်းတယ်။ ပြည်သူတွေလည်း အရမ်းကို ဒုက္ခရောက်နေရပါတယ်” ဟု ဒေသတင်းရင်းမြစ်က ပြောဆိုသည်။။

ထို့အတူ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဘိုးရင်ကလေးကျေးရွာ အုပ်ချုပ်ရေးမှူး မျိုးသိန်းနှင့်အဖွဲ့ က ဧရာ၀တီတိုင်းနှင့်ပဲခူးတိုင်းမှ လူငယ်များကို အလုပ်အကိုင်ရရှိမည်ဟု လိမ်လည်ခေါ်ယူကာ စစ်မှုထမ်း လူစားထိုး တပ်သားများအဖြစ် စစ်ထဲသို့ ပို့ဆောင်နေကြောင်း သိရှိရသည်။

“လှည်းကူးမြို့နယ်၊ဘိုးရင်ကလေးကျေးရွာ အုပ်ချုပ်ရေးမှုး မျိုးသိန်းကနေ ပွဲစားတွေအဖြစ် ဦးသန်းလှိုင်(ဇရပ်ကွင်းကျေးရွာ)၊ ဦးအောင်ခိုင်မိုး(ဇရပ်ကွင်းကျေးရွာနေ)တို့ကို စေလွှတ်ပြီးတော့ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းမှာရှိတဲ့ လူငယ်တချို့ကို အလုပ်အကိုင်ရရှိမယ်၊ လူငယ် ၁ ဦးကို ငွေကျပ် သိန်း ၆၀ ရမယ်ဆိုပြီးတော့ လိမ်လည်ပြောဆို ခေါ်ပါတယ်။ ဒီရောက်တော့ အဲဒီလူငယ်တွေကို လူစားထိုး စစ်မှုထမ်းတပ်သားတွေအဖြစ် တပ်ထဲကိုပို့ပါတယ်။ ခေါ်တုန်းက သိန်း ၆၀ ပေးမယ်ဆိုပေမယ့် ဒီရောက်တဲ့အခါမှာ ၁၀ သိန်းပဲ ပေးပြီး စစ်မှုထမ်း တပ်သားသစ်အဖြစ် စစ်ထဲပို့တာပါ” ဟု ယင်းဖြစ်စဉ်ကို သေချာသိရှိထားသော သတင်းရင်းမြစ်က ရှင်းပြသည်။

လှည်းကူးမြို့နယ်၊ ဘိုးရင်ကလေးကျေးရွာ အုပ်ချုပ်ရေးမှူး မျိုးသိန်းနှင့်အဖွဲ့ က အခြားနေရာများမှ လူငယ်များကို လိမ်လည်ခေါ်ယူပြီး စစ်မှုထမ်းအပတ်စဉ်များအတွက် မဲပေါက်ထားသည့် လူငယ် မောင်အောင်မျိုးသူ( ဘ) ဦးစန်းနိုင်၊ မောင်ထက်ဝေလင်း (ဘ) ဦးကျော်ဝေ၊ မောင်သူရဲအောင်( ခ) တက်ပု (ဘ) ဦးလှမြိုင်၊ မောင်ဘိုဘိုတို့အတွက် လူစားထိုး စစ်မှုထမ်းတပ်သားများအဖြစ် အရောင်းအဝယ် လုပ် ထည့်သွင်းပေးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် လှည်းကူးမြို့နယ်၊ ဘိုးရင်ကလေးကျေးရွာ အုပ်ချုပ်ရေးမှူး မျိုးသိန်းနှင့်အဖွဲ့ က ကျေးရွာများမှ ပြည်သူများထံမှ စစ်မှုထမ်းကြေးအဖြစ် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၇၀၀၀၀ ကျပ်ဖြင့် အိမ်ထောင်စုပေါင်း ၈၅၀ ထံမှ တောင်းခံနေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article