ရန်ကုန်၊ ဧပြီ ၂၄
ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် တိုက်ပွဲအတွင်း ကျကျန်ခဲ့သော မိုဘိုင်းလ်ဖုန်းကို လာရှာသည့် အကြမ်းဖက် စစ် သား ၂ ဦးကို တော်လှန်ရေးတပ်များက အရှင်ဖမ်းဆီးရရှိခဲ့သော်လည်း အဆိုပါ စစ်သား ၂ ဦးက သေနတ်လု၍ ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ စစ်သား ၂ ဦးလုံးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
လွန်ခဲ့သည့် မတ်လ ၃၀ ရက်နေ့ ညနေ ၅ နာရီခန့်အချိန် မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမပေါ်သို့ တက်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ကျွန်းကုန်းရွာအနီး၌ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၃ ရဲဘော်များက စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်သားများ တပ်ပျက်ပြီး စမ်းဘုတ်ရွာဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရှိရသည်။
မတ်လ ၃၁ ရက်နေ့တွင် ဆုတ်ခွာ ထွက်ပြေးသွားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများထဲမှ စစ်သား ၂ ဦးက ၎င်းတို့ထွက်ပြေးစဉ် ကျကျန်ခဲ့သော မိုဘိုင်းလ်ဖုန်းများကို ကျွန်းကုန်းရွာဘက်သို့ လာရောက် ရှာဖွေစဉ် တော်လှန်ရေး ရဲဘော်များက အရှင် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
ထိုသို့ စစ်ဆေးမေးမြန်းပြီးနောက် စစ်သား ၂ ဦးကို ဂျီနီဗာကွန်ဗန်းရှင်းအရ ထိန်းသိမ်းရန်အတွက် နောက်တန်းစခန်းသို့ ဖမ်းဆီးခေါ်ဆောင်လာခဲ့ကြောင်း၊ ထိုအချိန် စစ်သုံ့ပန်း စစ်သား ၂ ဦးက တော်လှန်ရေး ရဲဘော်များ၏ သေနတ်ကို လုယူကာ ထွက်ပြေးသောကြောင့် လိုက်လံ ပစ်ခတ်ဖမ်းဆီးရာ ကျည်ထိမှန်ပြီး ၂ ဦးလုံး သေဆုံးခဲ့ကြောင်း သိရသည်။
” စခ ၂ ကောင်ကို စတင်ဖမ်းမိတုန်းက စမ်းဘုတ်ရွာသားတွေပါ ဆိုပြီး လိမ်လည်ထွက်ဆိုတာ။ အဲဒါနောက်ပိုင်းစစ်မေးတော့မှပဲ ဝန်ခံတာ။ သူတို့က စစ်ခွေးတွေပါဆိုပြီး ဖုန်းကျန်ခဲ့လို့ လာရှာတာလို့သိရတယ်။ ကျနော်တို့ ထိန်းသိမ်းဖို့ဆိုပြီး စခန်းကို ဖမ်းလာတုန်း လမ်းမှာ သေနတ်လုပြေးလို့ ပစ်ခတ်ဖမ်းဆီးတာ ၂ ဦးလုံးသေဆုံးခဲ့တယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူက ရှင်းလင်းပြောဆိုသည်။
ဓာတ်ပုံ – လက်ပံတန်းမြို့နယ်၊ အုပ်ဖိုစုရွာ တိုက်ပွဲအတွင်း သေဆုံးခဲ့သော အကြမ်းဖက် စစ်သား အလောင်း။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
