36 C
Yangon

ပဲခူးတိုင်းနှင့်ရခိုင်အစပ် လေးအိမ်စုစခန်းကို အာရက္ခတပ်တော် AA က အင်အား ၁၅၀၀ ဖြင့် တိုက်ခိုက်သိမ်းပိုက်ဟု အလင်းဝင်စစ်မှုထမ်းတပ်သား မင်းခန့် ပြော

Must read

ရန်ကုန်| ဧပြီ ၂၅

ပဲခူးတိုင်းနှင့် ရခိုင်အစပ် ပန်းတောင်း – တောင်ကုတ်လမ်းပိုင်းရှိ အာဏာသိမ်း စစ်ကောင်စီ၏ လေးအိမ်စုစခန်းကို အာရက္ခတပ်တော် AA က အင်အား ၁၅၀၀ ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်သွားခဲ့ကြောင်း စစ်တပ်၏ ရှေ့ တန်း စခန်းမှ အလင်းဝင်ရောက် လာသည့် စစ်မှုထမ်းတပ်သားမင်းခန့်က ပြောဆိုသည်။

စစ်တပ်၏ ရှေ့တန်းစခန်းမှ အလင်းဝင်ရောက်လာသည့် စစ်မှုထမ်းတပ်သားမင်းခန့်၏ ပြောပြချက်ရုပ်သံကို ကျောင်းသားလက်ရုံးတပ်တော် SAF က ယမန်နေ့ ဧပြီလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း တောင်ကုတ်- ပန်းတောင်းကားလမ်းအနီး လေးအိမ်စု စစ်တပ်စခန်းသိမ်းတိုက်ပွဲတွင် AA က အင်အား အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခဲ့ကြောင်း၊ လေးအိမ်စုစစ်တပ်စခန်းတွင် စစ်တပ်အင်အား ၅၀ ကျော်ရှိရာတွင် ၂၀ ကျော်ခန့်သာ ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း အလင်းဝင်ရောက်လာသည့် စစ်မှုထမ်း တပ်သားမင်းခန့်က ပြောသည်။

“ည ၁၀ နာရီလာက်ပဲ ရှိဦးမယ်။ ကျနော်တို့ ကင်းစောင့်နေတဲ့ချိန်မှာ AA ဘက်ကနေပြီးတော့ သေနတ်သံကြားတာ ပေါ့။ သေနတ်သံကြားတော့ ၃၆၂ မှာ ကျနော်တို့ တပ်တွေပဲ ဖြစ်နေတယ်။ အဲ့တာနဲ့ ကျွန်တာ်တို့ဘက်ကိုလည်း သူတို့က ရောက်လာတယ်။ ရောက်လာတော့ အယောက် ၁၅၀၀ လောက်ရှိတယ်။ ရောက်လာတော့ ဆီးပြီးပစ်တာ ပစ်ရင်းပစ်ရင်းနဲ့ ကျနော်တို့က ဘယ်လိုမှမခုခံနိုင်တော့အဆုံး ပုဂံကွဲတပ်ရင်း နောက်ကို ပြန်ဆုတ်တာ။ ကျွန်တော်တို့ လူတွေကလည်း တော်တော်ကျတာများနေပြီ အဲမှာ။ ၅၂ ယောက်လောက်မှာ ၁၅ ယောက် အယောက် ၂၀ လောက်ပဲ ကျန်တော့တယ်။ ဘယ်လိုမှ မနိုင်တော့တဲ့အဆုံးမှာ နောက်ကို ပြန်ဆုတ်ခဲ့တာပေါ့” ဟု စစ်မှုထမ်းတပ်သား မင်းခန့်ပြောသည်။

လေးအိမ်စုစခန်းကို အာရက္ခတပ်တော် AA နှင့် ပူးပေါင်းတပ်များက ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် သိမ်းပိုက်ခဲ့သည်ဟု ဒေသခံများနှင့် စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုထားကြသည်။

ရှေ့တန်းစခန်းမှ ထွက်ပြေးလွတ်မြောက်ပုံ ကိုမင်းခန့်က “ပုဂံကွဲစခန်းကုန်းပေါ်က ပတ်ချာလည်ပေါ့ မိုင်းလိုက်ထောင်ရင်းနဲ့ သူငယ်ချင်းတစ်ယောက် တွေ့တာနဲ့ ကျနော်က မေးတယ်။ ဘာလုပ်နေတာလဲလို့ ထွက်ပြေးဖို့ ကြံစည်နေတာတဲ့။ အဲဒါဆို အတော်ပဲ ငါလည်း လိုက်ခဲ့မယ်လို့ သူတို့တက်တဲ့အချိန်မှာပဲ ခြုံပေါက်ထဲကနေ ဆင်းပြီးတော့ ထွက်ပြေးလာတာပါ” ဟု ပြောသည်။

စစ်တပ်မှ ထွက်ပြေးရန်ဆန္ဒရှိနေကြသည့် စစ်ကောင်စီတပ်သား အများအပြားရှိကြောင်း၊ အခြေအနေပေးလျှင် ထွက်ပြေးလာကြမည်ဖြစ်ပြီး ထွက်ပြေး၍ မရလျှင် အသေခံကြမည်ဟု ခံယူထားကြကြောင်း မင်းခန့်က ဆိုသည်။

“စစ်တပ်မှာ စစ်သားဖြစ်တာကျတော့ မပစ်ချင်တဲ့ သူတွေလည်း ပစ်နေရတာပဲ။ မဝင်ချင်တဲ့ အိမ်တွေလည်း ဝင်ကြရတာပဲ။ မယူချင်တဲ့ ပစ္စည်းတွေလည်း ယူခဲ့ရတာပဲ။ အဲ့လိုမျိုးတော့ ရှိတယ်” ဟု စစ်ကောင်စီတပ်သားများ၏ အခြေအနေနှင့် ပတ်သက်၍ ကိုမင်းခန့်က ပြောပြထားခြင်းဖြစ်သည်။

SAF သို့ အလင်းဝင်လာသည့် မင်းခန့်သည် စစ်ကောင်စီ၏ စစ်မှုထမ်း အပတ်စဉ် ၄ သင်တန်းဆင်းဖြစ်ပြီးအတင်း အဓမ္မ စစ်မှု ထမ်းရန် ခေါ်ယူခံရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

၎င်းမှာ ရန်ကုန်တိုင်း သန်လျင်မြို့မှာ နေထိုင်သူဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်သို့ လာရောက်ပေါ်တာဆွဲကာ စစ်မှုထမ်းခိုင်း၍ စကခ ၁၀ နှင့် ခမရ ၃၆၅ တပ်ရင်း (မော်လိုက်) တို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်ဟု စစ်မှုထမ်းတပ်သားမင်းခန့်က ပြောသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article