ရန်ကုန်၊ ဧပြီ ၂၈
စစ်အာဏာသိမ်းမှုနှင့် ပြည်သူလူထုကို သတ်ဖြတ်မှုများကြောင့် မင်းအောင် လှိုင် အပါအဝင် စစ်ဗိုလ်ချုပ်များ၊ ဝန်ကြီးများ၊ စစ်တပ်နှင့်ဆက်နွယ်နေသော လူပုဂ္ဂိုလ် ၁၀၆ ဦး နှင့် အဖွဲ့အစည်း ၂၂ ခုကို ဒဏ်ခတ်ပိတ်ဆို့အရေးယူထားမှုကို ဥရောပသမဂ္ဂ(EU)က ၂၀၂၆ ခုနှစ် ဧပြီလအထိ သက်တမ်းတိုးမြှင့်လိုက်ကြောင်း EU က တရားဝင် သတင်းထုတ် ပြန်သည်။
စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်ကတည်းက ချမှတ်လိုက်သော EU ၏ အရေးယူပိတ်ဆို့မှုများကို နှစ်စဉ် သက်တမ်းတိုးလာခဲ့ရာမှ ယခု ၂၀၂၅ ခုနှစ် ဧပြီလအတွင်းတွင် ထပ်မံသက်တမ်းတိုးမြှင့်လိုက်ကြောင်း၊ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုမှာ ၂၀၂၆ ခုနှစ်၊ ဧပြီလအထိ သက်တမ်းတိုးမြှင့်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဥရောပသမဂ္ဂက အရေးယူထားသည့် သူများတွင် မင်းအောင်လှိုင်၊ စစ်ကောင်စီအဖွဲ့ဝင်များ၊ ဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ တရားရေးရာအဖွဲ့ဝင်များ၊ မြန်မာစစ်တပ်၏ ကြည်း၊ရေ၊လေမှ ဗိုလ်ချုပ်များ၊ စစ်တပ်ကို ထောက်ခံသော ခရိုနီစီးပွားရေးသမားများ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းအတွင်းမှ စစ်တပ်နှင့် ဆက်နွယ်နေသောနိုင်ငံရေးသမားများနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အွန်လိုင်းငွေလိမ်ဂိုဏ်းနှင့် ဆက်နွယ်သူများ ပါဝင်ကြောင်း သိရှိရသည်။
စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ အရေးယူထားသည့် အဖွဲ့အစည်း ၂၂ ခုတွင် စစ်ကောင်စီ၊ စစ်တပ်ပိုင် ကုမ္ပဏီများ၊ နိုင်ငံပိုင်နှင့် စစ်တပ်ထိန်းချုပ်ထားသော ပုဂ္ဂလိက ကုမ္ပဏီများ ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မြန်မာစစ်တပ်၏ ကြည်း၊ရေ၊ လေတပ်များ၊ နယ်ခြားစောင့်ရဲများ ပါဝင်ကြောင်း သိရှိရသည်။
ဥရောပသမဂ္ဂ၏ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွင် ခရီးသွားလာခွင့်ပိတ်ပင်ခြင်း၊ ပိတ်ဆိုင်မှုများကို ချိတ်ပိတ်ခြင်း၊ စီးပွားရေးကူးလူးဆက်သွယ်ပေါင်းစည်းခွင့်များကို ပိတ်ပင်ခြင်း၊ လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်ခြင်း အပါအဝင် စီးပွားရေးနှင့်စစ်ရေးဆိုင်ရာ ပိတ်ပင်ခြင်းများ၊ ဗီဇာပိတ်ခြင်းများ၊ ငွေကြေးဆိုင်ရာ ပိတ်ပင်ခြင်းများ ပါဝင်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
