ရန်ကုန်၊ ဧပြီ ၂၈
ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ကို စစ်တပ်က အလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးနှင့် ပြည်သူ ၁ ဦး ကျဆုံးကာ ရှေ့တန်းကာကင်း စခန်းတစ်ခုလည်း ဆုတ်ခွာပေးလိုက်ရကြောင်း ရှမ်းတောင်စစ်ဒေသခွဲ၊ PDF ဗျူဟာအမှတ် ၁ သတင်းပြန်ကြားရေးဌာန မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဧပြီလ ၂၇ ရက်နေ့ မိုးဗြဲမြို့ အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၂၂ တပ်စခန်းမှ အင်အား ၁၀၀ ကျော်ဖြင့် ထိုးစစ်ဆင်ခဲ့ရာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ခုခံတိုက် ခိုက်မှုကြောင့် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း မိုးဗြဲတပ်ရင်း ၁ p3-1001 တပ်ရင်းမှ ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း၊ ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး ဖြင့် ရမ်း သမ်းပစ်ခတ်မှုကြောင့် ကျေးရွာတစ်ရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ ဦး ထိခိုက်သေ ဆုံးခဲ့ကြောင်း သိရသည်။
ယနေ့ ဧပြီလ ၂၈ ရက်နေ့ နံနက် ၅ နာရီခန့်အချိန် မိုးဗြဲမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၄၂၂ တပ်ရင်းက အင်အား ၃၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာခဲ့သဖြင့် ရှမ်းတောင်စစ်ဒေသခွဲ၊ PDF ဗျူဟာအမှတ် ၁ လက်အောက်ရှိတပ်ရင်းတပ်ဖွဲ့ ၊ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF နှင့် အခြားမဟာမိတ်တပ်ပေါင်းစုတို့က ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ အများအပြား ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။
ထိုသို့ အထိနာသော အကြမ်းဖက်စစ်တပ်က ဖယ်ခုံ၊ လွိုင်ကော်မြို့များမှတဆင့် လက်နက်ကြီးများ ဖြင့် မိုးရွာသကဲ့သို့ ပစ်ကူပေးခဲ့သည့်အပြင်၊ ဂျက်ဖိုက်တာတိုက်လေယာဉ်ဖြင့်လည်း အသုံးပြု တိုက်ခိုက်မှုကြောင့် မိုးဗြဲမြို့ လူထုနေအိမ်အများအပြားထပ်မံပျက်စီးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေယာဉ် ပစ်ကူတို့ကြောင့် ရှေ့ကာကင်းတခု ဆုတ်ပေးလိုက် ရပြီး ချေမှုန်းတိုက်ခိုက်ရေးရဲဘော် ၃ ဦးထိခိုက်ဒဏ်ရာရပြီး တစ်ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုသည်။
မိုးဗြဲမြို့ကို ဆက်လက်ထိန်းချုပ်နိုင်ရန်အတွက် ပြည်တွင်းပြည်ပရှိ ထောက်ပို့အလှူရှင်များအနေဖြင့် အမြန်ဆုံးဝိုင်းဝန်ကူညီကြပါနှင့် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနိုင်သောကြောင့် ပြည်သူများအနေ ဖြင့် မိုးဗြဲမြို့ဘက်ကို ဖြတ်သန်းသွားလာလိုပါက မြေပြင်အခြေအနေစုံစမ်းပြီးမှ သွားလာကြပါရန် မေတ္တာရပ်ခံထားသည်။
“လက်ရှိမိုးဗြဲမြို့မှာ တိုက်ပွဲပြင်းထန်နေပြီး လေယာဉ်ပါလာတာမို့ ဖြတ်သန်းသွားလာခြင်းမလုပ်ဖို့ သတိပေးချင်ပါတယ် လေယာဉ်နဲ့ ဗုံးကျဲတာအပြင် လက်နက်ကြီးတွေနဲ့ပါ ဝိုင်းထုနေပါတယ်၊၊” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
