32 C
Yangon

ဗန်းမော်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေယာဉ်များဖြင့် မီးလောင်ဗုံးများ ကျဲချ၍ မြို့တစ်ခုလုံး မီးလောင်ပြာကျ၊ မြစ်ကြီးနားလေတပ် ရှော့တိုက်ဒုံးဖြင့် အပစ်ခံရ

Must read

ရန်ကုန်၊ မေ ၁

ကချင်ပြည်နယ်၊ ဗန်းမော်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေယာဉ်များဖြင့် မီးလောင်ဗုံးများ ကျဲချ၍ မြို့တစ်ခုလုံး မီးလောင်ပြာကျနေကြောင်း KIA သတင်းရင်းမြစ်နှင့် စစ်ဘေးရှောင်ပြည်သူတချို့က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှ စတင်ခဲ့သော ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ၅ လနီးပါး ကြာမြင့်လာချိန်တွင် ပိုမို ပြင်းထန်လာကြောင်း၊ ဗန်းမော်မြို့နေရာအများစုမှာလည်း မီးလောင်ပျက်စီးနေပြီး အဓိကအားဖြင့် စစ်တပ်က လေယာဉ်များ၊ ဒရုန်းများဖြင့် မီးလောင်ဗုံးများ ကျဲချခြင်းကြောင့် မီးလောင်ပျက်စီးမှုများ ဖြစ်ပေါ်နေရကြောင်း၊ ဧပြီလ ၂၉ ရက်နေ့တွင် ဗန်းမော်မြို့၊ သီရိရတနာစျေးကြီးမှာ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် မီးလောင်ပြာကျသွားကြောင်း သိရှိရသည်။

“ဟိုဘက် ဒီဘက် ပစ်ခတ်ရင်းနဲ့ မီးလောင်ပျက်စီးတာတွေလည်းရှိသလို အဓိကကတော့ တပ်က ဒရုန်းတွေ၊ လေယာဉ်တွေနဲ့ ဗုံးတွေ တောက်လျှောက်ကျဲချနေတာ။ သီရိရတနာစျေးကြီးလည်း မီးလောင်ပြာကျသွားပြီ။ ဧပြီလ ၂၉ ရက်နေ့ညနေ ၄ နာရီလောက်ကတည်းက လောင်တာ၊ မနေ့က မနက်ပိုင်းအထိ လောင်တယ်။ နောက်မိုးနည်းနည်းရွာလို့ မီးညွှန့်ကျိုးသွားပေမယ့် လှိုက်ပြီး လောင်တယ်။ စျေးတစ်ခုလုံးကတော့ ကုန်သလောက်တော့ရှိသွားပြီ” ဟု ဗန်းမော်မြို့မှ စစ်ဘေးရှောင် ပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ဗန်းမော်မြို့ပေါ်ရှိ ရပ်ကွက်အများစုမှာလည်း တိုက်ပွဲများကြောင့် နေအိမ်များ ထိခိုက်ပျက်စီးသွားပြီး အထူးသဖြင့် စစ်တပ်က ကာကင်းစခန်းများ ဆုတ်ခွာတိုင်း ရပ်ကွက်များကို မီးရှို့သွားကြောင်း ဒေသသတင်းရင်းမြစ်က ဆိုသည်။

“မင်းကျောင်းကုန်းဘက်ဆိုရင်လည်း တော်တော်များများ ကုန်သွားပြီ။ ကချင်စုလည်း ဘာမှ ရစရာမရှိတော့ဘူး။ ပင်စင်ကုန်း၊ အင်းတဲစပ်တွေလည်း ကုန်ပြီ။ မြို့ရဲ့ ၄ ပုံပုံရင် ၃ ပုံလောက်က ပျက်စီးမှုတွေနဲ့ ကုန်သလောက်နီးပါးပဲ” ဟု စစ်ဘေးရှောင် ပြည်သူက ဆိုသည်။

ဗန်းမော်မြို့တွင် KIAနှင့် KPDF ပူးပေါင်းတပ်များက စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သော စ.က.ခ ၂၁ ၊ ခ.လ.ရ ၄၇ များကို ဆက်လက် တိုက်ခိုက်နေဆဲဖြစ်ပြီး အမှတ် ၇၀၀၆ သံချပ်ကာတပ်ရင်း၊ တင့်ကားတပ်ရင်း၊ အမြောက်တပ် ၃၆၆ နှင့် ဗန်းမော် လေဆိပ်တို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ထားသည်။

ထို့ပြင် မြစ်ကြီးနားမြို့ရှိ စစ်ကောင်စီ၏ လေတပ်စခန်းကိုလည်း ယမန်နေ့ မွန်းလွဲပိုင်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဧပြီလ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန် မြစ်ကြီးနားလေယာဉ်ကွင်းသို့ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံခဲ့ရပြီး လေယာဉ်ကွင်း၏ အရှေ့ဘက်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ လူထိခိုက်မှုနှင့် အဆောက်အအုံ ထိခိုက်ပျက်စီးမှု မရှိကြောင်း စစ်ကောင်စီက ဆိုသည်။

“မြစ်ကြီးနား မပခကလည်း လက်နက်ကြီးတွေ ၀ိုင်းမော်ဘက်ကို ပစ်နေတာရှိတယ်။ မြစ်ကြီးနားလေတပ်ဘက်ကတော့ ကျနော်တို့ဘက်က ရှော့တိုက်ဒုံးနဲ့ မကြာခဏ ပစ်ခတ်တာမျိုးတော့ရှိပါတယ်။မနေ့က ပစ်ခတ်မှုကတော့ ကျနော်သေချာမသိသေးဘူး ” ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article