27 C
Yangon

တရုတ်အကူအညီဖြင့် လားရှိုးကို စစ်ကောင်စီက ပြန်လည်ရရှိသော်လည်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို လားရှိုးတွင် ဖွင့်လှစ်ရန် မရှိတော့ဘဲ မိုင်းရယ်နှင့်တန့်ယန်းတွင် မြို့သစ်ဖော် အခြေစိုက်ထား

Must read

ရန်ကုန်၊ မေ ၂

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA က သိမ်းပိုက်ထားသော လားရှိုးကို စစ်ကောင်စီက ပြန်လည်ရရှိလိုက်ပြီသော်လည်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို လားရှိုးတွင် ဖွင့်လှစ်ရန် မရှိတော့ဘဲ မိုင်းရယ်နှင့်တန့်ယန်းတွင် မြို့သစ် ဖော် အခြေစိုက်ထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၁ ရက်နေ့မှစတင်ပြီး စစ်ကောင်စီက လားရှိုးမြို့ကို ပြန်လည်ရယူထားသော်လည်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကိုမူ အခြေစိုက်ရန်မရှိတော့ စကခ(စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်)အဆင့်သာ ပြန်လည် ဖွဲ့စည်းထားရှိမည်ဖြစ်ကြောင်း သိရှိရသည်။

“ရမခ တိုင်းစစ်ဌာနချုပ်ကိုတော့ လားရှိုးမှာ ပြန်အခြေစိုက်ဖို့မရှိပါဘူး။ စကခ အဆင့်ပဲ ပြန်လည်ဖွဲ့စည်းမယ်လို့ သိရပါတယ်။ လက်နက်နဲ့ လူအင်အားတွေ ပြန်ပို့ပြီး နဂိုမူလတပ်ရင်းတွေ ပြန်လည် တည်ဆောက်ဖွဲ့စည်းနေပြီဖြစ်ပါတယ်။ လားရှိုးဆေးရုံကြီးလည်း ပြန်လည်ဖွင့်မယ်။ လားရှိုးခရိုင်အဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနလည်း ပြန်လည် ဖွင့်လှစ်ပါမယ်။ နဂိုလိုတော့ တိုင်းစစ်ဌာနချုပ်မြို့တော့ ပြန်လည်ပြီးတော့ မလုပ်တော့ဘူးလို့ သိရပါတယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။

၂၀၂၄ ခုနှစ်ဩဂုတ်လ ၃ ရက်နေ့တွင် MNDAA က လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို အပြီးသတ်တိုက် ခိုက်သိမ်း ပိုက်ပြီးနောက် စစ်ကောင်စီက ယာယီအားဖြင့် မိုင်းရယ်နှင့်တန့်ယန်းဘက်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ယာယီ) ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း၊ ယခုအခါ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အသစ်ကို မြို့သစ် စီမံချက်ဖြင့် မိုင်းရယ်နှင့်တန့်ယန်းတွင် အခြေချထားပြီဖြစ်ကြောင်း သိရှိရသည်။

MNDAA က တိုက်ခိုက်သိမ်းပိုက်ထားသော လားရှိုးမြို့ကို နိုင်ငံရေးဖိအားများ‌ကြောင့် အာဏာသိမ်း စစ်ကောင် စီထံ ပြန်လည်ပေးအပ်ခဲ့ရကြောင်း ကိုးကန့်သတင်းစဉ်တွင် ဧပြီ ၂၆ ရက်နေ့က တရားဝင် ထုတ်ဖော်ကြေညာခဲ့သည်။

တရုတ်၏ ကြားဝင်စေ့စပ်ပေးမှုအရ စစ်ကောင်စီက လားရှိုးမြို့ပေါ် ရပ်ကွက် ၁၂ ခုကို ပြန်လည် အုပ်ချုပ်သွားမည်ဖြစ်ပြီး မြို့ပြင်ပ မြို့ပတ်ပတ်လည်ကို MNDAA က တပ်စွဲ ထိန်းချုပ်ထားသည်။

တရုတ်အစိုးရ၏ ကြားဝင်ဆောင်ရွက်မှုဖြင့် ယခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ ကူမင်းဆွေးနွေးပွဲတွင် စစ်ကောင်စီနှင့် MNDAA တို့အကြား အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

ဓာတ်ပုံ – လားရှိုးသို့ ဧပြီလအတွင်း ဝင်ရောက်လာခဲ့သည့် စစ်ကောင်စီ၏ ယာဉ်တန်းတစ်ခု။

Photo- Nay Myo Facebook ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

လားရှိုးသို့ ဧပြီလအတွင်း ဝင်ရောက်လာခဲ့သည့် စစ်ကောင်စီ၏ ယာဉ်တန်းတစ်ခု
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article