ရန်ကုန်၊ မေ ၂
ကိုးကန့် MNDAA ၊ ရခိုင် AA နှင့် ပလောင် TNLA တို့ပါဝင်သော မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က အပစ်အခတ်ရပ်စဲရေးကာလကို ၁ လ ထပ်မံ သက်တမ်းတိုးကြောင်း ယမန်နေ့ညပိုင်း ထုတ်ပြန်ကြေညာသည်။
မတ်လ ၂၈ ရက်နေ့ မြန်မာ နိုင်ငံတွင် လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်း ငလျင်ကြီးနှင့် နောက်ဆက်တွဲ ငလျင်ငယ်များကြောင့် ပျက်စီးဆုံးရှုံးသွားသော အဆောက်အအုံများကို ရှင်းလင်းဖယ်ရှားရန်၊ ငလျင်အပျက်အစီး အဆောက်အအုံများအကြား အသက်ရှင် ကျန်ရစ် နေသော လူနှင့်အိမ်မွေးတိရစ္ဆာန် များကို ရှာဖွေကယ်ဆယ်ရေးလုပ်နိုင်ရန်အတွက် အပစ်အခတ်ရပ်စဲရေးကို မေလ ၁ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ ထပ်မံ သက်တမ်းတိုးကြောင်း ကြေညာသည်။
မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ဧပြီလ ၁ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိ တစ်ဖက်သတ် အပစ်ရပ်ကြောင်း ပထမအကြိမ် ကြေညာခဲ့ပြီးနောက် ယခုအခါ ဒုတိယအကြိမ်အဖြစ် ထပ်မံ၍ ၁ လ အပစ်ရပ်ကြောင်း ကြေညာခြင်းလည်းဖြစ်သည်။
ဒုတိယအကြိမ် အပစ်အခတ်ရပ်စဲမှု ၁ လကြာ ကြေညာရခြင်းမှာ ငလျင်ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များသည် ၁ လတာ ကြာသည့်တိုင်အောင် ရှင်းလင်း ဖယ်ရှားရေးလုပ်ငန်းများကို ထိရောက်စွာ လုပ်ဆောင်နိုင်ခြင်းမရှိသေးကြောင်း၊ ထို့ကြောင့် ငလျင်နောက်ဆက်တွဲ လုပ်ငန်း များနှင့် ဆက်စပ်သောလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန် အချိန်ထပ်မံလိုအပ်နေမည်ဖြစ်သောကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တစ် ဖက်သတ် အပစ်ရပ်ကာလကို ထပ်မံ၍ နောက်ထပ် ၁ လ သက်တမ်း တိုးခြင်းဖြစ်သည်ဟု မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့က ဆိုသည်။
မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့အနေဖြင့် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိသော နေရာများတွင် မိမိကိုယ်မိမိ ခုခံကာကွယ်သော တုံ့ပြန်မှု မျိုးမှလွဲ၍ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမျိုး ပြုလုပ်မည်မဟုတ်ကြောင်း ကြေညာထားသည်။
အကြမ်းဖက်စစ်ကောင်စီက ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိ အပစ်အခတ်ရပ်စဲရေး ၂ ကြိမ်ကြေညာခဲ့ပေမယ့်လည်း မေလ ၁ ရက်နေ့မှာတော့ အပစ်အခတ်ရပ်စဲရေးကို ထပ်မံ သက်တမ်းတိုးခြင်းမပြုတော့ပေ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
