ရန်ကုန်၊ မေ ၂
မကွေးတိုင်း၊ ချောက်မြို့အဝင်တွင် စစ်ကောင်စီတပ်က လူငယ်များကို စစ်မှုထမ်းခိုင်းရန်အတွက် ပေါ်တာဆွဲ ဖမ်းဆီးလျက်ရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယခုမေလအတွင်းဖွင့်လှစ်မည့် စစ်မှုထမ်းအပတ်စဉ် ၁၃ အတွက် အကြမ်းဖက်စစ်ကောင်စီတပ်က ချောက်မြို့အဝင်တွင် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်၍ ခရီးသည်တင်ကားများပေါ်မှ လူငယ်များကို မှတ်ပုံတင် စစ်ဆေးခြင်း၊ ဖုန်းများ စစ်ဆေးခြင်းလုပ်ဆောင်ပြီး လူငယ်တချို့ကို မသင်္ကာဟုဆိုကာ ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းရန် ခေါ်ဆောင်သွားကြောင်း သိရှိရသည်။
ဧပြီလ ၂၈ ရက်နေ့ လင်းထက်ကြယ် ခရီးသည်တင်ယာဉ်ပေါ်မှ ခရီးသွားလူငယ် ၂ ဦးကို စစ်တပ်က ချောက်မြို့အဝင် မိုးပေါက်ကန်ဂိတ်တွင် ဆွဲချသွားကြောင်း၊ အဆိုပါ လူငယ် ၂ ဦးမှာ ချောက်မြို့နယ်၊ စလယ်အုပ်စု ၊ ပင်း၀အိုဘိုကျေးရွာမှ ဖြစ်ကြောင်း၊ လက်ရှိတွင် စစ်တပ်က စစ်မှုထမ်းခိုင်းရန်အတွက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။
အလားတူ တနင်္သာရီတိုင်း ၊ မြိတ်ခရိုင်၊ ပုလောမြို့အဝင် စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် လမ်းသွားလမ်းလာ လူငယ် ၁၅ ဦးကို စစ်မှုထမ်းခိုင်းရန် စစ်တပ်ကအဓမ္မ ဖမ်းဆီးသွာေးကြာင်း သိရှိရသည်။
မေလ ၁ ရက်နေ့ နံနက်ပိုင်း လက္ကူးရွာဘက်မှ ပုလောမြို့ဘက်သို့ လာသည့် လမ်းပေါ်တွင် ဖွင့်လှစ်ထားသော ကျောက်စုစစ်ကောင်စီဂိတ်ကို ထွေ/အုပ်၊ စရဖ၊ ရဲနှင့် စစ်ကောင်စီတပ်က ကား ၄ စီးဖြင့် ရောက်ရှိလာပြီး ပုံမှန်သွားလာနေသည့် လူငယ်အမျိုသားများကို ဖမ်းဆီးခဲ့ကြောင်း ၊ ယမန်နေ့ နံနက် ၈ နာရီခွဲမှ နံနက် ၁၁ နာရီဝန်း ကျင်အချိန်အထိ လူငယ် ၁၅ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရှိရသည်။
“ဂိတ်မှာအရပ်ဝတ်တွေရော စစ်ဝတ်တွေရောပဲ။ ပါသွားတာ အကုန်လူငယ် ယောင်္ကျားလေးတွေပဲ။ အမှတ် ၄ ရပ်ကွက်ကပါတာများတယ်၊ အမှတ် ၃ နဲ့ အမှတ်၂ ရပ်ကွက်ကတချို့ပါတယ်။ ဂိတ်ကလည်း အမှတ် ၄ ရပ်ကွက်မှာရှိတာပါ။ ပြီးတော့ ဒီရပ်ကွက်ထဲကပဲအများဆုံးခေါ်သွားတာ” ဟု ဖမ်းဆီးခံရသော လူငယ်နှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။
ဖမ်းဆီးခံရသူများအနက် ၁၁ ဦးခန့်ကို ပုလောမြို့မရဲစခန်းသို့ ပို့ဆောင်လိုက်ပြီး ကျန်ရှိသည့် လူငယ် ၄ ဦးကို ခံဝန်ဖြင့် ပြန်လွှတ်မည့် အခြေအနေ ရှိကြောင်း သိရှိရသည်။
ပုလောမြို့မရဲစခန်းသို့ ပို့ဆောင်ခံလိုက်ရသည့် လူငယ်များကို စစ်မှုထမ်းခိုင်းရန်အတွက် မြိတ်မြို့နယ်၊ ရွှေဒူးရွာအခြေစိုက် တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း (တိုက်/စည်း) သို့ ရေလမ်းမှတစ်ဆင့် ပို့ဆောင်ရန်ရှိနေကြောင်း သိရှိရသည်။
“ပုလောမှာ လူဆယ်ချီဖမ်းပြီး စစ်မှုထမ်းပို့တာမျိုးကတော့ သုံးကြိမ်နဲ့အထက်ရှိပြီ။ ဒါပေမဲ့ နေ့ခင်းဘက်ကြီး ဂိတ်မှာအစုလိုက်အပြုံလိုက်ဖမ်းတာကတော့ ဒါပထမဆုံးပါပဲ။ နေရာပေါင်းစုံမှာ အရေးနိမ့်ပြီး အင်အားဆုံးရှုံးနေတာကို ပြန်ဖြည့်တင်းဖို့ကြိုးစားနေတာလို့ ယူဆပါတယ်” ဟု မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ပြောဆိုသည်။
ဖမ်းဆီးခံရသော လူငယ်များ၏ ဆိုင်ကယ်များကိုလည်း စစ်တပ်က တစ်ပါးတည်း သိမ်းဆည်းသွားကြောင်း၊ အလားတူ ထားဝယ်မြို့၊ ကမြောကင်းတံတားနှင့် ဗျောတောဝ မြို့အဝင်ဂိတ်များတွင်လည်း စစ်တပ်က လူငယ်များကို စစ်မှုထမ်းခိုင်းရန် ဖမ်းဆီးမှုများရှိနေကြောင်း သိရှိရသည်။
(တနင်္သာရီတိုင်းမ်သတင်းဌာနနှင့် ရန်ကုန်ခေတ်သစ်သတင်းဌာနတို့ ပူးပေါင်းရေးသားပြီး တနင်္သာရီတိုင်းမ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
