ရန်ကုန်၊ မေ ၂
အကြမ်းဖက် စစ်ကောင်စီက ပြန်လည်စစ်ဆေးမည့် တက္ကသိုလ်ဝင်စာမေးပွဲကို ငလျင်ဘေးသင့်ဒေသမှ ကျောင်း သားကျောင်း သူများ ပြန်လည်ဖြေဆိုကြရန် စစ်တပ်၊ ရဲ၊ ထွေအုပ် အပါအဝင် ဌာနပေါင်းစုံက ကျောင်းသားများနှင့် မိဘများကို ဖိအားပေးခြိမ်းခြောက်နေကြောင်း ငလျင်ဘေးသင့်ဒေသမှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ကြီးကြောင့် မန္တလေးတက္ကသိုလ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာ ၄ သိန်းခန့် မီးလောင်ပျက်စီးခဲ့ကြောင်း၊ အဖြေလွှာပျက်စီးခဲ့သည့် မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်းနှင့် ကချင်ပြည်နယ်မှ တက္ကသိုလ်ဝင်တန်းကျောင်းသားကျောင်းသူများ လာမည့် ဇွန်လ ၁၆ ရက်နေ့မှစတင်၍ စာမေး ပွဲ ပြန်လည်ဖြေဆိုခိုင်းရန် စစ်ကောင်စီက ကြေညာခဲ့ကြောင်း၊ ယင်းနောက် ငလျင်ဘေးသင့်ဒေသများမှ ကျောင်း သားကျောင်းသူများ မဖြစ်မနေ ပြန်လည် စစ်မေးမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည် ဖြေဆိုရန် စစ်တပ်၊ရဲနှင့်ထွေအုပ်က ဖိအားပေး ခြိမ်းခြောက်လာကြောင်း သိရှိရသည်။
“တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေထားတဲ့ ကျောင်းသားကျောင်းသူတွေနဲ့ မိဘတွေကို ပညာရေးမှူးရုံးကို ခေါ်ပါတယ်။ အဲဒီမှာ တပ်၊ ရဲနဲ့ ထွေအုပ်၊ မြို့နယ်ပညာရေးမှူးနဲ့ ဆရာ၊ ဆရာမတွေက စာမေးပွဲ ပြန်စစ်ပေးတာက ဂုဏ် သိက္ခာရှိဖိုနဲ့ တရားမျှတမှုအတွက်ဖြစ်တယ်။ နိုင်ငံတော်က စေတနာကောင်းကောင်းနဲ့ စာမေးပွဲ ပြန်လုပ်ပေးတာ။ ဝင်ဖြေပါ။ မဖြေရင် နောင်ဘယ်တော့မှ စာမေးပွဲ ဖြေခွင့်မပေးတော့ဘူးဆိုတာမျိုး ဖိအားပေးပါတယ်။ သူတို့ သွင်းမယ့် စခန်းCamp ကိုလည်း ဒီရက်ပိုင်းအတွင်း လာဝင်ရမယ်ပြောတယ်” ဟု မန္တလေးမှ ကျောင်းသား မိဘ တစ်ဦးက ပြောဆိုသည်။
ထို့ပြင် မန္တလေးတွင် ယမန်နေ့ညပိုင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ပြန်လည်ဖြေဆိုကြရန် ရပ်ကွပ်အုပ်ချုပ်ရေးအဖွဲ့များက လော်စပီကာများဖြင့်လိုက်လံအော်ဟစ် ဖိအားပေးနေကြောင်း သိရှိရသည်။
လတ်တလော မန္တလေး၊ စစ်ကိုင်းနှင့် နေပြည်တော်တို့တွင် တက္ကသိုလ်ဝင်စားမေးပွဲ ပြန်လည်ဖြေဆိုမည့်သူ နည်းပါးနေကြောင်း သိရှိရသည်။
“အခုသိရသလောက်တော့ ပြန်ဖြေမယ့် ကျောင်းသားကျောင်းသူ ရာခိုင်နှုန်းက ၅၀ ရာခိုင်နှုန်းအောက်ရောက်နေတယ်။ အဲဒါကြောင့် အတင်းအကျပ် ပြန်ဖြေခိုင်းနေတာလို့ သိရတယ်” ဟု မန္တလေးမှ ကျောင်းဆရာမတစ်ဦးက ဆိုသည်။
စစ်ကောင်စီက ဇွန်လအတွင်း ပြန်လည် စစ်ဆေးမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသားကျောင်းသူ ၆၃၀၀၀ ကျော်ကို ပြန်လည်ဖြေဆိုရမည်ဖြစ်ပြီး စာစစ်ဌာန ၂၀၀ နီးပါး ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။
မန္တလေးမှ ကျောင်းသားမိဘ ပြည်သူအများစုကမူ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုခဲ့သည့်အချိန်က ငလျင် လှုပ်ခတ်ခြင်းမရှိ၍ စိတ်အေးသက်သာစွာ ဖြေဆိုနိုင်ခဲ့သော်လည်း တက္ကသိုလ်ဝင်တန်း ပြန်လည် စစ်ဆေးသည့်အချိန်မှာမူ ငလျင်ဒဏ်ကြောင့် အိမ်ပြို စီးပွားပျက် မိသားစုဝင်များ သေဆုံးထားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ကျောင်းသားများအနေဖြင့်လည်းကောင်း၊ မိဘများအနေဖြင့်သော်လည်းကောင်း စာမေးပွဲကိုပြန်လည် ဖြေဆိုရန်မှာ မလွယ်ကူကြောင်း သုံးသပ်ပြောဆိုကြသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
