33 C
Yangon

တိုင်းပြည်ဘဏ္ဍာငွေကို အကြိုက်သုံး တည်ဆောက်ထားသည့် အကြမ်းဖက်စစ်တပ်ကို ၄ နှစ်သား PDF တပ်များက ဖိအားပေး တိုက်ပွဲဝင်ပြီး အောင်ပွဲများရရှိနေဟု NUG ဝန်ကြီးချုပ်ပြောဆို

Must read

ရန်ကုန်၊ မေ ၅

မြန်မာနိုင်ငံမှ တိုင်းပြည်ဘဏ္ဍာ ငွေကို အကြိုက်သုံး တည်ဆောက်ထားသည့် အကြမ်းဖက်စစ်တပ်ကို ၄ နှစ်သား PDF တပ်များက ဖိအားပေး တိုက်ပွဲဝင်ပြီး အောင်ပွဲများရရှိနေဟု အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီး ချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်သည်။

ယနေ့ ကျရောက်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖွဲ့စည်းခြင်း ၄ နှစ်ပြည့် အထိမ်းအမှတ် မိန့်ခွန်းတွင် NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အထက်ပါအတိုင်း ထည့်သွင်းပြောဆိုသွားခြင်းဖြစ်သည်။

ယနေ့ PDF တပ်များ ဖွဲ့စည်းမှု ၄ နှစ်ပြည့်မြောက်ချိန် တပ်ဖွဲ့များ တစ်နိုင်ငံဖွဲ့စည်းထားပြီး စနစ်ကျစွာဖြင့် စီမံခန့်ခွဲလျက်ရှိကြောင်း၊ ၄ နှစ်သား PDF က အင်အားကြီးမားသည်ဆိုသော အကြမ်းဖက်စစ်တပ်ကို ဖိအားပေး တိုက်ပွဲ ဝင်နိုင်သည့်အပြင် အောင်ပွဲများပါ ရယူနေပြီဖြစ်ကြောင်း NUG ဝန်ကြီးချုပ်က ဆက်လက်ပြောဆိုသည်။

“နှစ်ပေါင်းများစွာ တိုင်းပြည်ဘဏ္ဍာငွေကို အကြိုက်သုံးပြီး တည်ဆောက်ထားတဲ့ အကြမ်းဖက်စစ်တပ်ကို ၄ နှစ်အတွင်း ငါတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲဘော်တွေရဲ့ ရဲစွမ်းသတ္တိနဲ့ ခုခံကာကွယ်တိုက်ပွဲဝင်ခဲ့ကြတာ ဘယ်လောက်အတိုင်း အတာအထိ အောင်မြင်မှုတွေ ရနေပြီလဲဆိုတာ ရဲဘော်တွေ အားလုံး မျက်မြင်ကိုယ် တွေ့ပဲ ဖြစ်တယ်။ ဒီအောင်ပွဲတွေမှာ ငါတို့နဲ့အတူ တစ်သွေးတစ်သားတည်း ရပ်တည် တိုက်ပွဲဝင်ပေးခဲ့ကြတဲ့ မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဒေသဆိုင်ရာ ကာကွယ်ရေးတပ်တွေကိုလည်း မေ့ပစ် ထားလို့မရဘူး။ ဒါကြောင့် ၄ နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ ကျေးဇူးတင်ကြောင်း ထည့်သွင်းပြောကြားလိုတယ်။ အဆိုပါ အဖွဲ့တွေရဲ့ ပူးပေါင်း ပါဝင်မှုကလည်း PDF တပ်မတော်တွေရဲ့ ခွန်အားတစ်ရပ်ဖြစ်ခဲ့တယ်”ဟု NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုသည်။

မြန်မာတစ်နိုင်ငံသာမက ကမ္ဘာတစ်ဝန်းမှ မြန်မာပြည်သူများ၏ ပါဝင်မှုနှင့်အတူ PDF တပ်များ ကြီးထွားပြီး ပြည်သူ့တပ်မတော်အဖြစ် အသွင်ပြောင်းလဲနေကြောင်း၊ PDF တပ်များအနေဖြင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး တိုက်ပွဲဝင်ရန် ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချထားပြီးဖြစ်ကြောင်း၊ တော်လှန်ရေးအောင်ပွဲ ရရှိရေး ဆက်လက် တိုက်ပွဲဝင်ကြရန် တိုက်တွန်း ပြောဆိုသည်။

“ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF က တစ်တိုင်းပြည်လုံးအတိုင်းအတာနဲ့ ခြုံငုံပြီး စစ်ဆင်ရေးနယ်မြေတွေ ဖွဲ့စည်းဆောင်ရွက်ထားသလို စနစ်ကျတဲ့ ဖွဲ့စည်းပုံ အုပ်ချုပ်ပုံတွေနဲ့ ပြည်သူ့တပ်မတော်ဖြစ်အောင် ကြိုးစား အကောင်အထည်ဖော်နေတာကို တွေ့နေရတယ်။ နှစ်ပေါင်းများစွာ တိုင်းပြည်ကို နိမ့်ကျစေပြီး နိုင်ငံသူ နိုင်ငံသားများကို ဆင်းရဲတွင်းနက်စေတဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ ပြည်သူထဲက ပေါက်ဖွားလာတဲ့ ပြည်သူ့သားကောင်း များအဖြစ် ပြည်သူ့ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးဖို့ သန္နိဌာန်ချထားကြလိမ့်မယ်လို့လည်း ယုံကြည်တယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ၄ နှစ်ပြည့်မြောက်ချိန်မှာ ယခင်နှစ်တွေကထက် ပိုမို လုပ်နိုင်စွမ်းပြည့်၀လာတာကိုလည်း တွေ့ရတယ်။ စစ်ရေးစွမ်းရည် စည်းရုံးရေး စွမ်းရည် အုပ်ချုပ်ရေး စွမ်းရည် ပြည့်မီတဲ့ တပ်မတော်တစ်ရပ်အဖြစ် တည်ဆောက်ထားနိုင်တာတွေ့ရလို့ လေးစားဂုဏ်ယူတယ်” ဟု NUG ဝန်ကြီးချုပ်က ဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ လက်အောက်တွင် တပ်ရင်းပေါင်း ၃၁၆ ရင်းဖြင့် ဖွဲ့စည်းထူထောင်ထားပြီးဖြစ်ကြောင်း NUG ၏ ၄ နှစ်ပြည့် အစီရင်ခံစာတွင် ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article