ရန်ကုန်၊ မေ ၅
အကြမ်းဖက်စစ်တပ်က သထုံ မြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် ဘားအံမြို့နယ်အတွင်းရှိ ပြည်သူများနေထိုင်သော ကျေးရွာ၊ ဆေးရုံနှင့် ဘုန်းကြီးကျောင်းတို့ကို လေယာဉ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း KNU သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၄ ရက်နေ့ KNU တပ်မဟာ ၁ ထိန်းချုပ်နယ်မြေ ၊ ဘားအံမြို့နယ်၊ ဖလံတောင်ကျေးရွာရှိ တိုက်နယ်ဆေးရုံကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ဆေးရုံပျက်စီးသော်လည်း လူထိခိုက်မှုမရှိကြောင်း သိရှိရသည်။
ထို့ပြင် ယမန်နေ့ မေလ ၄ ရက်နေ့ စစ်ကောင်စီ၏ အမှတ် ၃၁၀ အမြောက်တပ်က KNU တပ်မဟာ ၁ နယ်မြေ၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြ ကျေးရွာအုပ်စုရှိ မိကျောင်းအိုင်ကျေးရွာသို့ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ တိုက်လေယာဉ်ဖြင့် ဗုံးကျဲခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းသို့ ပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်း ပျက်စီးပြီး ရော်ဘာခြံများလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အလားတူ မေလ ၄ ရက်နေ့ ညပိုင်း သထုံမြို့နယ်တွင် စစ်ကောင်စီ၏ ခမရ ၂၀၆ တပ်ရင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ကော့လှိုင်းကျေးရွာအုပ်စု ကျုံမှိန်ကျေးရွာအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ လူထိခိုက်မှုမရှိကြောင်း သိရှိရသည်။
“စစ်တပ်က KNU တပ်မဟာ ၁ နယ်မြေထဲကို အဓိက ဦးတည်ပြီး တိုက်ခိုက်မှု လုပ်လာလို့ ပြည်သူတွေအနေနဲ့ နိုးနိုးကြားကြား နေဖို့ လိုပါတယ်” ဟု KNU သတင်းရင်းမြစ်က ပြောဆိုသည်။
ဓာတ်ပုံ – Karen Peace Support Network ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




