ရန်ကုန်၊ မေ ၇
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့အနီးသို့ ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၄ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ ပြည်သူများ သိသာစွာ ခံစားရကြောင်း မန္တလေး၊ ပြင်ဦးလွင် အပါအဝင် မြို့ကြီးများမှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မေလ ၇ ရက်နေ့ နံနက် ၁ နာရီ ၂၇ မိနစ်အချိန်ခန့် မန္တလေးတိုင်း၊ ကျောက် ဆည်မြို့အရှေ့မြောက်ဘက် ၂၅ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄ ဒသမ ၄ အဆင့်ဖြင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း၊ အဆိုပါငလျင်သည် စစ်ကိုင်းငလျင်ကြီး၏ နောက်ဆက်တွဲ ငလျင်ငယ်များ ဆက်လက်လှုပ်ခတ်နိုင်သည့်အတွက် ငလျင်ဘေးဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြပါရန် အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့ နံနက်ပိုင်း သတင်းထုတ်ပြန်သည်။
” မန္တလေးမှာ ဒီမနက် ၁ နာရီ ၂၇ မိနစ်လောက်မှာ ငလျင်အပြင်းစားလှုပ်ပါတယ်။ အိမ်ပါခါသွားတယ်။ ရန်ကုန်မှာ ငလျင်လှုပ်တယ်ကြားလို့ မန္တလေးမှာလည်း နိုးနိုးကြားကြားရှိကြတော့ ငလျင်ကို သိလိုက်တာ” ဟု မန္တလေးမှ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ မေလ ၆ ရကနေ့ ည ၁၀ နာရီ ၅၅ မိနစ်အချိန် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းအနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၃ ဒသမ ၇ အဆင့် အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ပါကြောင်း ၊ အဆိုပါနေရာအနီး၌ပင် ယနေ့ ည ၉ နာရီ ၄၀ မိ နစ်အချိန် ရစ်ခ်တာစကေး ၂ ဒသမ ၉ အဆင့် ငလျင်ငယ်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
