ရန်ကုန်၊ မေ ၇
တစ်နိုင်ငံလုံးနှင့်ပတ်သက် ဆက်စပ်နေသော စစ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်အများစုကို ဗိုလ်ချုပ်ကြီးကျော်စွာလင်းကို မင်းအောင်လှိုင်က ပေးအပ်လိုက်ပြီး ဒုတပ်ချုပ်စိုးဝင်းထက်ပင် လုပ်ပိုင်ခွင့် ပိုမိုရရှိလာကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စစ်တပ် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးအဖြစ် ခန့်အပ်ခံခဲ့ရသော ဗိုလ် ချုပ်ကြီး ကျော်စွာလင်းသည် ၅ လနီးပါးကြာမြင့်လာချိန်တွင် စစ်ဘက်ဆိုင်ရာ စီမံခန့်ခွဲနှင့် လုပ်ပိုင်ခွင့်အများစုကို ရရှိလာကြောင်း၊ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ဒုတပ်ချုပ် စိုးဝင်းထက်ပင် စစ်ဘက်ရေးရာများတွင် အရေးပါလာပြီး ဆုံးဖြတ်ခွင့်များပါ ပိုမိုရရှိလာကြောင်း သိရှိရသည်။
“ဒီ ၅ လအတွင်း ညှိ/ကွပ်ရဲ့ လုပ်ပိုင်ခွင့်တွေက ပိုပြီး များလာတယ်။ ပိုပြီးတော့ အဓိကကျတဲ့ စစ်ဆင်ရေးနဲ့ စစ်ရေးဆိုင်ရာ ဆုံးဖြတ်ခွင့်တွေ ပိုရလာတယ်။ တပ်ချုပ်နဲ့ သူက ပိုပြီး နီးနီးကပ်ကပ်နဲ့ စစ်ဆင်ရေးတွေမှာ ဆုံးဖြတ်ခွင့်ရနေတယ်။ ဒုတပ်ချုပ်တောင် လုပ်ပိုင်ခွင့် ပိုပြီး ရလာတယ်လို့ ပြောလို့ရတယ်။ နောက်တစ်ခါ တပ်ချုပ်ရဲ့ နိုင်ငံခြားခရီးစဉ်တွေ သွားတဲ့အချိန်မှာ စစ်ဘက်ရေးရာအားလုံးနဲ့ လုပ်ပိုင်ခွင့် အများစုကို ညှိ/ကွပ် လက်ထဲကိုပဲ ယာယီ လွှဲပေးခဲ့တာမျိုးတွေလည်း ပိုပြီး များလာတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။
မင်းအောင်လှိုင်က ကျော်စွာလင်းကို အနီးကပ်ခေါ်ယူထားသည့်အပြင် တချို့သော စစ်ဘက်နှင့် စစ်ဆင်ရေးကိစ္စများတွင် ဒုတပ်ချုပ်နှင့် အခြားထိပ်တန်း ဗိုလ်ချုပ်များကိုပင် အသိမပေးတော့ဘဲ ဆုံးဖြတ်စီမံမှုများလည်းရှိနေကြောင်း၊ မင်းအောင်လှိုင်နှင့်ကျော်စွာလင်းတို့အကြား ပိုမိုနီးနီးကပ်ကပ်ရှိလာနေကြောင်း စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။
ကျော်စွာလင်းမှာ စစ်တက္ကသိုလ် အပတ်စဉ် ၃၅ ကျောင်း ဆင်း တစ်ဦးဖြစ်ပြီး ၂၀၁၈ ခုနှစ် အလယ်ပိုင်းတိုင်း တိုင်းမှူး၊ ၂၀၂၀ ခုနှစ် မေလမှာ ဒုတိယဗိုလ်ချုပ်ကြီးရာထူးဖြင့် စစ်ထောက်ချုပ်တာဝန်၊ ယင်းနောက်စစ်ဦးစီးအရာရှိချုပ်(ကြည်း) အဖြစ် ၂၀၂၃ ခုနှစ်တွင် ပူးတွဲ တာဝန်ယူခဲ့သူဖြစ်ကာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဖြစ်လာခြင်းဖြစ်သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


