ရန်ကုန်၊ မေ ၇
တနင်္သာရီတိုင်း၊ ပုလောမြို့ပေါ်ရှိ ဆန်းဝင်း အရက်ဆိုင်တွင် သောက်စားမူးရူးနေသော လက်နက်ကိုင် ပျူစောထီး ၃ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ ၃ ဦးလုံးသေဆုံးခဲ့ကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၆ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ပုလောမြို့ အမှတ် ၂ ရပ်ကွက်ရှိ ဆန်းဝင်း အရက်ဆိုင်တွင် သောက်စား မူးရူးနေသည့် ပျူစောထီး ခေါင်းဆောင် ကုလားနီ ၊ ပျူစောထီး ခေါင်းဆောင် ကျော်သူရ နှင့် ပျူစောထီး သန်းနိုင် တို့ကို မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းနှင့် မြိတ်ခရိုင် ပကဖ ပူးပေါင်းအဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသွားသော ပျူစောထီး ၃ ဦးသည် ပြည်သူများကို ခြိမ်းခြောက်ငွေညှစ်ခြင်း၊ ဖမ်းဆီးခြင်း၊ ဂိတ်ကြေးကောက်ခြင်း၊ လူငယ်များကို အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်းခြင်း၊ ပုလောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ရာတွင် အဓိက ပါဝင်သည့် တရားခံများဖြစ်ကြောင်း သိရှိရသည်။
“ဒီကောင်တွေက အတော် အရေးပါတဲ့ စစ်ကောင်စီ ဒေါက်တိုင် အကြီးစားတွေ လက်တံလည်း ရှည်တယ်။ ပုလောမြို့နယ်အတွင်းမှာ ရှိတဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ မိသားစုတွေ နေအိမ်တွေ ရပ်ရွာတွေကို ဒုက္ခအပေးဆုံး ကောင်တွေ စစ်ကောင်စီ လော်ဘီ ပျူစောတီး ငမင်းဆီကို အချက်အလက်တွေပို့ပေးပြီး တယ်လီဂရမ်တွေ facebook တွေကနေ ရသမျှကနေ အော်ခိုင်းနေတာလည်း သူတို့ပဲ သူတို့က လက်နက်ကိုင် ပျူစောထီးပေါ့ အတိုကော အရှည်ကောရှိတယ်။ သူတို့ထက်ငယ်တဲ့ ပျူစောထီးတွေကိုတောင် စစ်တပ်က လက်နက် ဆင်ပေးထားတာ” ဟု မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

