30 C
Yangon

ကျောက်ဖြူမြို့နယ်၊ မင်းတပ်တောင် တိုက်ပွဲတွင် အင်အား ၈၀ ကျော်ပါ တပ်မ ၉၉ စစ် ကြောင်း အဆက်အသွယ်ပြတ် ပျောက်ဆုံးနေပြီး လိပ်ခမော်ရွာအနီး စစ်တပ်စခန်းကို AA က သိမ်းပိုက်ဟုဆို

Must read

ရန်ကုန်| မေ ၇

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မင်းတပ်တောင်ရှိ စစ်တပ်ကာကင်းစခန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ အင်အား ၈၀ ကျော်ပါ တပ်မ ၉၉ စစ်ကြောင်းမှာ အဆက်အသွယ်ပြတ်တောက်သွားကြောင်း စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂ ရက်နေ့ ကျောက်ဖြူမြို့နယ်၊ မင်းတပ်တောင်ရှိ စစ်တပ်က ကာကင်းစခန်းတစ်ခုကို AA က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်ရာတွင် ယင်းစခန်းနှင့် ပတ်ဝန်းကျင်တွင် တပ်ဖြန့်ထားသော အင်အား ၈၀ ပါ စစ်တပ်စစ်ကြောင်းမှာ အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးနေကြောင်း တပ်သတင်းရင်းမြစ်က ရှင်းပြသည်။

“အဲဒီစခန်းမှာက အင်အား ၅၀ ကျော်နဲ့ ကင်းပုန်းက ၃၀ ကျော်လောက်ရှိတယ်။ အဲဒါ အဆက်အသွယ်မရတော့ဘူး။ မေလ ၃ ရက်လောက်ကတည်းက အဲဒီစစ်ကြောင်းက အဆက်အသွယ်ပြတ်တောက်သွားတာ” ဟု တပ်သတင်းရင်းမြစ်က ဆိုသည်။

အဆိုပါမင်းတပ်တောင် ကာကင်းစခန်းတိုက်ပွဲနှင့်ပတ်သက်၍ AA က သတင်းထုတ်ပြန်မှု တစ်စုံတစ်ရာ လုပ်ဆောင်ခြင်းမရှိသေးပေ။

အလားတူ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ကြား တိုက်ပွဲများ ပြင်းထန်နေခဲ့ပြီး ဧပြီလ နောက်ဆုံးအပတ်နှင့် မေလ ပထမအပတ်အတွင်း ကျောက်ဖြူမြို့နယ် စစ်ကောင်စီ၏ အမှတ် ၃၂ ရဲတပ်ရင်းအနီးနှင့် ဓညဝတီရေးတပ်စခန်းအနီးတို့တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲ များဖြစ်ပွားနေကြောင်း သိရှိရသည်။

ကျောက်ဖြူမြို့နယ်၊ တိုက်ပွဲအတွင်း ဒဏ်ရာရရှိသော တပ်သားများကို စစ်ကောင်စီက စစ်တွေဆေးရုံနှင့် တပ် နယ်ဆေးရုံများသို့ ပို့ဆောင် ကုသပေးနေကြောင်း စစ်တွေမြို့သတင်းရင်းမြစ်က ပြောသည်။

“အရေအတွက်က တိတိကျကျတော့ မသိဘူး။ ကျောက်ဖြူတိုက်ပွဲက ဒဏ်ရာရ တပ်သားတွေကို စစ်တွေဆေးရုံကြီးမှာ လာရောက် ကုသပေးနေတယ်။ သူတို့တပ်သားတွေ ထားတဲ့ နေရာကို ပြည်သူတွေကို ဝင်ခွင့်မပေးဘူး။ ပြီးတော့ တပ်နယ်ဆေးရုံတွေပို့ထားတယ်။ ဆေးကုသဖို့ ရောက်လာတာက သုံး၊ လေး ရက်လောက်တော့ ရှိနေပြီ” ဟု ၎င်းက ပြောသည်။

ကျောက်ဖြူမြို့နယ်တိုက်ပွဲတွင် အာရက္ခတပ်တော် AA က ထိုးစစ်ကြောင့် စစ်ကောင်စီဘက်မှ အထိနာနေပြီး စစ်ကြောင်းအချို့ နောက်ဆုတ်သွားသည့် အခြေအနေရှိနေသည်ဟု ကျောက်ဖြူ သတင်းရင်းမြစ်က ပြောသည်။

“အမှတ် ၃၂ ရဲတပ်ရင်းနဲ့ ဓညဝတီရေတပ်စခန်း (သစ်ပုတ်တောင်ရေတပ်စခန်း) အနီးက စစ်တပ်ရဲ့ ကာကင်းတွေကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေတာ။ တချို့ကာကင်းစခန်းနဲ့ တပ်စခန်းအချို့ကို AA က နေရာဝင်ယူထားနိုင်လို့ သိထားတယ်။ စစ်ကောင်စီ စစ်ကြောင်းတွေ၊ ကာကင်းစခန်းတချို့ကလည်း အမှတ် ၃၂ ဘက်သို့ နောက်ဆုတ်သွားတာ ရှိတယ်။ လိပ်ခမော် တပ်စခန်းကိုတောင် AA က သိမ်းလိုက်ပြီလို့ သတင်းရရှိထားတယ်။ သီးခြားတော့ အတည်မပြုနိုင်သေးဘူး။ ကျောက်ဖြူတိုက်ပွဲက တော်တော်လေး ပြင်းပြင်းထန်ထန် ဖြစ်လာနေတယ်လို့ ပြောလို့ရပါတယ်” ဟု ကျောက်ဖြူ သတင်းရင်းမြစ်က ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် AA တို့တိုက်ပွဲမှာ လအနည်းငယ်ကြာ ကြိုကြားတိုက်ပွဲများဖြင့် ဖြစ်ပွားလျက်ရှိပြီး ယခုရက်ပိုင်းအတွင်း AA ထိုးစစ်အရှိန်မြင့်လာခြင်းကြောင့် တိုက်ပွဲမှာ ပိုပြင်း ထန်လျက်ရှိသည်ဟု သိရသည်။

ထိုတိုက်ပွဲများကြောင့် ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာပေါင်း ၂၀ ထက်မနည်းမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး သောင်းနှင့်ချီသော ပြည်သူများလည်း အိုးအိမ်မဲ့ ဒုက္ခဖြစ်နေကြကြောင်း သိရသည်။

(ရန်ကုန်ခေတ်သစ်နှင့် Western News ပူးပေါင်းရေးသားသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article