ရန်ကုန်၊ မေ ၇
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ အရပ်သားပြည်သူများနေထိုင်သော ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်များ၊ စက်တပ် လေထီးများဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မေလ ၇ ရက်နေ့ နံနက် ၉ နာရီ ၄၉ မိနစ်၊ ၅၀ မိနစ်နှင့် ၅၃ မိနစ်ခန့်တွင် ချောင်းဦးမြို့နယ်အတွင်းရှိ ကင်မွန်းတော်ပျူစောထီးရွာ အနီးရှိ ကျေးရွာများကို တံတားဦးမှ တက်လာသည့် အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးက လေကြောင်း တိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာများကို လေယာဉ်ဖြင့် ကျဲချ တိုက်ခိုက်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီးနောက် အကြမ်းဖက် စစ်တပ်က စက်တပ် လေထီးများဖြင့် ကျေးရွာများကို ထပ်မံ ဗုံးကျဲ တိုက်ခိုက်သွားပြီး ပြည်သူများ ထိခိုက်မှုရှိမရှိကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
“ဒီနေ့ တံတားဦးကတက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီး က ချောင်းဦးနယ်ထဲ ၃ ကြိမ်လေကြောင်း တိုက်ခိုက်သွားတယ်။ ကင်မွန်းတော်ပျူစောထီးရွာရဲ့ အရှေ့ဘက် တကြောကရွာတွေကို ကျဲချ တိုက်ခိုက်သွားတာ အခုထိတော့ ပြည်သူတွေ ထိခိုက်သံ မကြားရသေးဘူး။ ချသွားတာကတော့ တကယ့်ကိုရွာတွေထဲ ချတာ ပျူစောထီးရွာဘေးက ပြည်သူ့ရွာတွေထဲပေါ့။ ပျူစောထီးရွာရဲ့ အရှေ့ဘက်ကရွာတွေထဲချတာ စက်တပ်လေထီးပါ တက်လာပြီးကျဲနေပြန်ပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် အကြမ်းဖက်စစ်ကောင်စီတပ်က ချောင်းဦးမြို့နယ်အတွင်းသို့ လက်နက်ကြီးများဖြင့်ပါ ယနေ့ နံနက်ပိုင်းမှစတင်၍ ပစ်ခတ်လျက်ရှိကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
