ရန်ကုန် ၊ မေ ၇
ဘားအံ တောင်ကလေးအကျဉ်းထောင်တွင် ထောင်ဒဏ် ၁၅ နှစ် ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား ကိုကျော်ကျော်မြင့် နှင့် ထောင်ဒဏ် ၄ နှစ်ကျခံနေသည့် နိုင်ငံရေးအကျဉ်းသား ကိုမင်းသူစိုး တို့ နှစ်ဦးကို ရာဇဝတ်အကျဉ်း သား ၁၂ ဦးက အုပ်စုဖွဲ့ ဝိုင်းဝန်းရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှာ တာဝန်ရှိသူ မရောင်နီလင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဧပြီလ ၃၀ ရက်နေ့ အကျဉ်းထောင်တွင် ကျွေးသည့် ငါးဟင်း နောက်ကျရသည့် အကြောင်းအရင်းကို ထောင် ပိုင်၏ လူယုံတပည့် ရာဇဝတ် ထက်နိုင်က နိုင်ငံရေးအကျဉ်းသား ကိုကျော်ကျော်မြင့်နှင့် ကိုမင်းသူစိုးတို့ ၂ ဦးကို အိပ်ဆောင်အတွင်းသို့ ဝင်ရောက် ရှင်းလင်း ပြောဆိုခိုင်းခဲ့ကြောင်း၊ နိုင်ငံရေးအကျဉ်းသား ၂ ဦးက ခိုင်းစေသည့်အတိုင်း အိပ်ဆောင်အတွင်း ဟင်းနောက်ကျသည့် အကြောင်းကို ဝင်ရောက် ပြောဆိုချိန် ရာဇဝတ် အကျဉ်းသား စပရိန် က အဝတ်ဖြင့် ပတ်ထားသည့် ကွန်ကရစ်တုံးဖြင့် နိုင်ငံရေးအကျဉ်းသား ၂ ဦး၏ ဦးခေါင်းနောက်စေ့ကို စတင်ရိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့နောက် ရာဇဝတ်အကျဉ်းသား မင်းမင်း ခေါ် ပါပြတ်ဆိုသူကလည်း ကွန်ကရစ်တုံးဖြင့် နိုင်ငံရေးအကျဉ်းသား ၂ ဦး၏ ဦးခေါင်းကို ဝင်ရောက်ထုနှက်ခဲ့ကာ မင်းထက် ၊ ပေါင်ချိန်၊ နွားကြီးတို့က ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြကြောင်း သိရှိရသည်။
ထို့ပြင် နိုင်ငံရေးအကျဉ်းသား ကိုမင်းသူစိုးကို ရာဇဝတ်အကျဉ်းသားများဖြစ်သည့် ဝင်းသန်းထွန်း၊ ကျော်သက်လွန်၊ ပေါင်ချိန်၊ မင်းထက်၊ မိုးကောင်းကင်၊ပါပြတ်၊ နွားကြီး၊ စပရိန်နှင့် တန်းစီးဖြစ်သူ သားကြိုး၊ ဂျိုကာ ၊ ကောင်းရွှေထက်၊ မန္တလေးမြို့ရှိ Mobile Mother ဖုန်းဆိုင်ပိုင်ရှင်၏ သား (အမည်မသိရသေး) တို့က ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်ခဲ့ကြသည်ဟု သိရှိရသည်။
“ဒီ ဘားအံအကျဉ်းထောင်မှာ အုပ်စုဖွဲ့ သတ်ရန်ကြံစည်တာက အကျဉ်းထောင်ဝန်ထမ်းတွေနဲ့ ရာဇဝတ်အကျဉ်း သားတွေပေါင်းပြီးမှ နိုင်ငံရေးအကျဉ်းသားတွေကို သတ်ရန်ကြံစည်တယ်လို့ မှတ်ချက်ပေးချင်ပါတယ်” ဟု မရောင်နီလင်းက ရန်ကုန်ခတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ထိုသို့ အုပ်စုဖွဲ့ ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြသူများမှာ နိုင်ငံရေးအကျဥ်းသားများကို သီးသန့်နှိပ်ကွပ်ရေး ဖွဲ့စည်းထားသော ဘားကုတ်ဂိုဏ်းမှ ဦးဆောင်သူများ ဖြစ်ကြောင်း၊ ဘားကုတ်ဂိုဏ်းမှာ ဂုတ်တွင် ပုံစံတူ ဘားကုတ်ပုံစံ တက်တူးထိုးထားကြသူများ ဖြစ်ပြီး အကျဥ်းထောင်အတွင်းတွင် ဖွဲ့စည်းသော ဂိုဏ်းတစ်ခု ဖြစ်ကြောင်း၊ အင်အား ၁၀၀ ဝန်းကျင်ခန့် ရှိပြီး ယခင်ထောင်ပိုင်က ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ထံမှ သိရှိရသည်။
ထိုသို့ အုပ်စုဖွဲ့၍ ကြိုတင်ကြံစည်ပြီး လူသတ်ရန် ကြိုးစားခဲ့သူများကြောင့် နိုင်ငံရေးအကျဥ်းသား ကိုကျော်ကျော်မြင့်မှာ ဦးခေါင်းကွဲအက် ဒဏ်ရာ၊ခန္ဓာကိုယ် ဖူးရောင် ပေါက်ပြဲဒဏ်ရာ၊မျက်နှာဖူးရောင် ဒဏ်ရာ၊တံတောင်ဆစ် လက်မောင်း ညိုမည်းဒဏ်ရာများ ရရှိခဲ့ပြီး ဦးခေါင်းကွဲအက် ဒဏ်ရာအား ၃ ချက် ချုပ်ခဲ့ရကာ အခြားနိုင်ကျဥ်းတစ်ဦးဖြစ်သူ ကိုမင်းသူစိုးမှာလည်း ဦးခေါင်းကွဲအက်ဒဏ်ရာ ၇ ချက်ချုပ်ရပြီး ဘယ်မျက်ခုံး ကွဲအက်ဒဏ်ရာ၊ မျက်နှာတပြင်လုံး ဖူးရောင်ညိုမဲဒဏ်ရာ ၊ခန္ဓာကိုယ်အနှံ့ ညိုမည်းရောင်ကိုင်းဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။
ယင်းသို့ နိုင်ငံရေးအကျဉ်းသားများကို ဝိုင်းဝန်းရိုက်နှက်ခဲ့သည့်နေရာသည် အကျဉ်းဦးစီးဌာန၊ အိပ်ဆောင်မှူး ရုံးခန်းရှေ့တွင် ဖြစ်သော်လည်း ထိုကဲ့သို့ဖြစ်ပွားနေချိန် အိပ်ဆောင်မှူး အကျဉ်းဦးစီးဝန်ထမ်းများဖြစ်သည့် ဗိုလ်လေး အောင်ရဲနိုင် ၊တပ်ကြပ် ဝင်းမောင်၊တပ်ကြပ် သိန်းသန်းဦး(ခ)ပြောင်ကြီးတို့က ဝင်ရောက်ဟန့်တားခြင်း လုံးဝမပြုလုပ်ခဲ့ဘဲ ကြည့်နေခဲ့ကြောင်း၊ ထို့ပြင် ဖြစ်စဥ် ဖြစ်ပွားသည့်နေရာမှာ Main Jail နှင့် သွပ်ဆူးကြိုးသာ ခြားသည့်နေရာဖြစ်သော်လည်း မည်သို့သော ဟန့်တားမှုမှ ပြုလုပ်ခဲ့ခြင်း မရှိကြောင်း သိရှိရသည်။
ထောင်မကြီး တွင် ထားရှိသော အပြာဝတ် ရာဇဝတ်အကျဥ်းသားများမှာလည်း စစ်စည်းကမ်း ဖောက်ဖျက်ခြင်းကြောင့် တပ်မတော်အက်ဥပဒေ ဖြင့် အရေးယူခံထားရသော စစ်သားဟောင်းများဖြစ်ကြောင်း၊ ထိုသူများမှာ ထောင်ဝင်စာဟင်းများ ၊ကြက်သွန် ခရမ်းချဥ်သီး စသည့် အသီးအနှံများ ၊မုန့်များကို ပုံမှန်ခိုးယူစားသောက်ခြင်း ကိစ္စကို နိုင်ကျဥ်းများက မကြာခဏ တင်ပြသဖြင့် နိုင်ကျဥ်းများအား အငြိုးထားကာ ပူးပေါင်းကြံစည်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံရေးအကျဉ်းသား ၂ ဦးကို အုပ်စုဖွဲ့ ဝိုင်းဝန်းရိုက်နှက်ခဲ့သူများမှာ ရာဇဝတ် အကျဉ်းသား ၁၂ ဦး ဖြစ်သော် လည်း မင်းထက်(ခ)ဘိုဘို ၊ ပေါင်ချိန်၊ နွားကြီး၊ မင်းမင်း(ခ)ပါပြတ်၊ စပရိန် ပါဝင်သော ရာဇဝတ်အကျဉ်းသား ၅ ဦးကိုသာ အကျဉ်းဦးစီးဌာနက စစ်ဆေးပြီး အကျဥ်းထောင် တိုက်ထဲတွင် ထည့်ထားကြောင်း သိရှိရသည်။
အဆိုပါဖြစ်စဉ်ကို ကရင်ပြည်နယ် အကျဉ်းဦးစီးဌာန၊ တာဝန်ခံ ညွှန်ကြားရေးမှူးက ဦးဆောင်ပြီး (Department Enquiry) DE စစ်ဆေးလျက် ရှိကြောင်း၊ နစ်နာသူများကလည်း တရားရုံး ပြင်ပတွင် တရားစွဲဆိုသွားမည်ရန်ရှိနေကြောင်း၊ DE ဖြစ်စဥ် ရရှိချက်များနှင့် တရားရုံး ဖြစ်စဥ်များကို စောင့်ကြည့်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်သည်။
ဓာတ်ပုံ – ၂၀၁၈ ခုနှစ်၊ ဘားအံအကျဉ်းထောင်တွင် ထောင်ဖောက်ပြေးမှုကို ရဲများက လာရောက်စစ်ဆေးစဉ်။ (ပုံအဟောင်း ဖြစ်ပါသည်။)
Photo – ဆင်ဟွာ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
