ရန်ကုန်၊ မေ ၇
ရန်ကုန်တွင် ယမန်နေ့ညပိုင်း ငလျင်လှုပ်၍ ပြည်သူများ လမ်းပေါ် ဆင်းပြေးချိန် လမ်းပေါ်ထွက်လာသော လူငယ်တချို့ ကို စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံရသော လူငယ်တချို့၏ မိတ်ဆွေတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ မေလ ၆ ရကနေ့ ည ၁၀ နာရီ ၅၅ မိနစ်အချိန် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းအနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၃ ဒသမ ၇ အဆင့်နှင့် အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ယင်းငလျင်ကြောင့် ရန်ကုန်မြို့မှ ပြည်သူအများစုမှာ အထပ်မြင့်တိုက်တာများမှ ဆင်းပြေးခဲ့ကြသည်။
ယမန်နေ့ညပိုင်း ငလျင်လှုပ်ခတ်မှုကြောင့် ရန်ကုန်တိုင်း ၊လှိုင်မြို့နယ်၊ ၁ ရပ်ကွက်၊ ဇေယျာသိဒ္ဓိ ၂ လမ်းတွင်လည်း လူငယ်များ အပါအဝင် ပြည်သူများလည်း အထပ်မြင့်တိုက်များပေါ်မှ ဆင်းပြေးကြကြောင်း၊ ငလျင်ကို စိုးရိမ်၍ ညဉ့်နက်သည်အထိ လမ်းပေါ်တွင် ပြည်သူများ ရှိနေစဉ် လှိုင်မြို့နယ် ၁ ရပ်ကွက် ဥက္ကဋ္ဌ၊ စစ်သားတချို့နှင့် အပေါင်းအပါများက လူငယ် ၁ ဦးကို လာရောက် ဖမ်းဆီးသွားခဲ့ကြောင်း၊ အဆိုပါ လူငယ်မှာ စစ်မှုထမ်းရန် အလှည့်ကျနေသူဖြစ်ကြောင်း သိရှိရသည်။
“ငလျင်ကြောင့် အောက်ကို ဆင်းပြေးကြတဲ့အချိန် အုပ်ကြီးက သူရှာနေတဲ့ လူငယ် စစ်မှုထမ်းရမယ်ဆိုပြီး ဖမ်းသွားပါတယ်။ လမ်းထဲက အခြားလူငယ်တွေလည်း ရှောင်လို့မရဘူး။ အချိန်တန်ရင် စစ်မှုထမ်းရမယ်ဆိုတာ နားလည်ထားဆိုပြီး အော်ငေါက်သွားတယ်” ဟု ဖမ်းဆီးခံရသူ လူငယ်၏ မိတ်ဆွေတစ်ဦးက ရှင်းပြသည်။
ရန်ကုန်တိုင်းအတွင်းတွင် ယခုရက်ပိုင်းအတွင် ဧည့်စာရင်းစစ်၍ လူငယ်တချို့ ဖမ်းဆီးခြင်း၊ ညပိုင်း စစ်တပ်နှင့်ရဲက ကင်းလှည့်၍ ဖမ်းဆီးခြင်း၊ ညနေပိုင်း လမ်းသွားလမ်းလာနှင့်အလုပ်ပြန် လူငယ်များကို ဖမ်းဆီးခြင်း စသည့် ပုံစံမျိုးစုံဖြင့် စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးမှုများကို စစ်တပ်၊ ရဲ၊ ပျူစောထီးနှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များက လုပ်ဆောင်နေကြောင်း စုံစမ်းသိရှိရသည်။
ဓာတ်ပုံ – ယမန်နေ့ညပိုင်း ငလျင်လှုပ်ခတ်၍ တိုက်များပေါ်မှ ဆင်းပြေးခဲ့ကြသည့် ရန်ကုန်ပြည်သူများ။
Photo – CJ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
