ရန်ကုန်၊ မေ ၈
၁၀၂၇ စစ်ဆင်ရေးဖြင့် တအာင်း TNLA က သိမ်းပိုက်ထားသော နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် မိုးမိတ်မြို့နယ်များမှ ထွက် ပြေး တိမ်းရှောင်ခဲ့ရသော အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများကို စစ်ကောင်စီက ပြန် လည်စုစည်းခေါ်ယူနေပြီး မြို့နယ်များသို့ ပြန်လည်ဝင်ရောက် အုပ်ချုပ်စီမံနိုင်ရေး ပြင်ဆင်ထားရန် ထပ်မံ ညွှန်ကြားလာကြောင်း နေပြည် တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
ဧပြီလအတွင်း တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ပြုလုပ်ခဲ့သော စစ်ကောင်စီနှင့် TNLA အကြား ဆွေးနွေးပွဲတွင် TNLA က သိမ်းပိုက်ထားသော မြို့နယ်များကို ပြန်ပေးရန် စစ်ကောင်စီက တောင်းဆိုခဲ့မှု မအောင်မြင်ခဲ့သော် လည်း စစ်ကောင်စီက ထပ်မံ၍ ထွက်ပြေးတိမ်းရှောင်ခဲ့ရသော အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ သတင်း ပို့ကြရန်၊ သက်ဆိုင်ရာ မြို့နယ်များသို့ ပြန်လည် ဝင်ရောက် စီမံအုပ်ချုပ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ထားကြရန် ယခု မေလအတွင်း ထပ်မံ ညွှန်ကြားလာခြင်းဖြစ်ကြောင်း သိရှိရသည်။
“TNLA သိမ်းပိုက်ထားတဲ့ မြို့နယ်တွေကနေ တိမ်းရှောင်လာရတဲ့ အုပ်ချုပ်ရေးနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေကို သ တင်း ပေးပို့ကြဖို့နဲ့ ယခု ယာယီရုံးတွေမှာ ပုံမှန်အတိုင်း ရုံးပြန်တက်ဖို့ ညွှန်ကြားပါတယ်။ ဥပမာဆိုရင်- မိုးကုတ်မြို့အတွက် ထွေ/အုပ်၊ လ၀ကနဲ့ ဌာနဆိုင်ရာ ယာယီရုံးတွေကို မန္တလေးမှာ ထပ်ပြီးတိုးချဲ့ဖွင့်တာရှိတယ်။ အဲဒီ ယာယီရုံးတွေမှာ မိုးကုတ်နဲ့ ဆက်စပ်တဲ့ ဌာနဆိုင်ရာတွေ အုပ်ချုပ်ရေးလုပ်ငန်းတွေကို ပုံမှန်အတိုင်း လည်ပတ်ခိုင်းထားတယ်။ မလာသေးတဲ့ ဝန်ထမ်းတွေလည်းရှိတော့ ဒီမေလထဲမှာ ယာယီရုံးတွေမှာ ရုံးလာတက်ကြဖို့ ထပ်ခေါ်တာ။ သဘောတရားကတော့ သိမ်းပိုက်ခံရတဲ့ မြို့နယ်တွေ ပြန်ရတဲ့အခါမှာ အုပ်ချုပ်ရေးနဲ့ ဌာနဆိုင်ရာ အသင့် အစား ထိုး နိုင်ဖို့ဆိုတာ ပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
TNLA က သိမ်းပိုက်ထားသော မြို့နယ်များ ပြန်လည် မပေးနိုင်ကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုထားသည့်ကြားမှ စစ်ကောင်စီက သိမ်းပိုက်ခံမြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာ လုပ်ငန်းများ ပြန်လည် လည်ပတ်ခိုင်းနေခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဖြစ်နိုင်တာက လားရှိုးရသွားပြီးတဲ့နောက်မှာ တရုတ်နိုင်ငံရဲ့ ပြင်းထန်တဲ့ ဖိအားနဲ့ ကျန်တဲ့မြို့နယ်တွေလည်း မဖြစ်မနေ ပြန်ရမယ်လို့ ယုံကြည် တွက်ဆထားတယ်လို့ ယူဆပါတယ်။ ဒါကြောင့် သိမ်းပိုက်ခံထားရတဲ့ မြို့နယ်တွေရဲ့ အုပ်ချုပ်ရေးနဲ့ ဌာနဆိုင်ရာ လုပ်ငန်းတွေကို Virtually လည်ပတ်ခိုင်းတာလို့ ယူဆရတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆက်လက်ရှင်းပြသည်။
မေလ ၄ ရက်နေ့ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် TNLA က သိမ်းပိုက်ထားသော မြို့နယ်များကို စစ်ကောင်စီထံသို့ ပြန်ပေးရန် တရုတ်နိုင်ငံ၏ ဖိအားများရှိနေသော်လည်း ပြန်ပေးမည်မဟုတ်ကြောင်း TNLA တွဲ ဖက် အထွေထွေအတွင်းရေးမှူး- ၂ ဗိုလ်မှူးကြီး တာပန်းလက ထုတ်ဖော်ပြောဆိုခဲ့သည်။
စစ်ကောင်စီနှင့် TNLA အကြား ဆွေးနွေးပွဲများကို လာမည့် ဩဂုတ်လတွင် ပြန်လည် စတင်ရန် သဘောတူညီထားကြောင်း TNLA တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
