ရန်ကုန်၊ မေ ၈
ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် လက်ပန်ပုရွာနှင့် ကြံဘိုရွာကို အကြမ်းဖက်စစ်တပ်က အရပ်ဝတ်များဖြင့် ပေါ်တာဝင်ဆွဲ၍ လူငယ် ၁၂ ဦး ဖမ်းဆီးခံရကြော်ငး ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ယမန်နေ့မေလ ၇ ရက်နေ့ ညပိုင်း ညောင်လေးပင်မြို့နယ်၊ လက်ပန်ပုရွာ၊ ကြံဘိုရွာ အပါအဝင် ကျေးရွာများသို့ စစ်တပ်က အရပ်ဝတ်များဖြင့် အုပ်စုဖွဲ့ကာ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၊ လူငယ် ၁၂ ဦးထက်မနည်း ဖမ်းဆီးခံရကာ လူငယ်များကို စစ်သားစုဆောင်းရေးတပ်များထံသို့ ခေါ်ဆောင်သွားကြကြောင်း သိရှိရသည်။
“လမ်းဘေးတွေမှာ ပစ္စည်းလိုက်ကောက်သလိုမျိုး၊ မြေကြီးသယ်တဲ့ ဖောကားတွေနဲ့ ဈေးလိုက်ရောင်းတဲ့ သုံးဘီးဆိုင်ကယ်တွေနဲ့ ပုံစံဖျက်ပြီး ရွာတွေနဲ့ ရပ်ကွက်တွေထဲ အတင်းဝင်၊ အရပ်ဝတ်တွေနဲ့ ရွာတွေထဲ ပေါ်တာဝင်ဆွဲတာ။ လူငယ် ၁၂ ယောက်ပါသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ထို့ပြင် ပဲခူးတိုင်း ပြည်ခရိုင် ရွှေတောင်မြို့နယ်ရှိ ကျေးရွာအချို့တွင်လည်း စစ်မှုထမ်းအတွက်ဟုဆိုကာ အုပ်ချုပ်ရေးမှူးများက ငွေကြေးကောက်ခံမှုများ လုပ်ဆောင်နေပြီး တစ်အိမ်ထောင်လျှင် ကျပ်ငွေ ၂၅၀၀၀ မှ ၃၅၀၀၀ အထိ ကောက်ခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ရွှေတောင်မြို့နယ်အပိုင် သောင်ပြင်ကုန်းကျေးရွာ၊ ကန့်လန့်ကုန်းကျေးရွာတို့တွင် တစ်အိမ်ထောင်လျှင် ကျပ်ငွေ ၂၅၀၀၀ ကျပ်ကောက်ခံနေပြီး ရှားပင်ကုန်းကျေးရွာအုပ်စုရှိ ရှားပင်ကုန်းကျေးရွာနှင့် ဆင်ကျွန်းကျေးရွာများတွင် တစ်အိမ်ထောင်လျှင် ၃၅၀၀၀ ကျပ်စီ ကောက်ခံနေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
“သောင်ပြင်ကုန်းကျေးရွာနဲ့ ကန့်လန့်ကုန်းကျေးရွာမှာက မနေ့ကကောက်နေတာ ။ ဒီနေ့မှာတော့ ရှားပင်ကုန်းကျေးရွာအုပ်စုမှာ ကောက်နေတာ။ လတိုင်း ထည့်ပေးနေကြရတာ မထည့်ချင်လို့လည်း မရဘူး အုပ်ကြီးတွေက ဖိအားပေးတောင်းနေကြတာ။ ပြည်သူတွေ ဒီလောက် အခက်ကြုံနေရတာကို သူတို့ မျက်နှာရဖို့ပဲ ကြည့်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ပြည်သူများထံမှ စစ်မှုထမ်းအတွက် ငွေကြေးတောင်းခံနေသည့် ရှားပင်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးအမည်မှာ မောင်ဝင်းဖြစ်ပြီး သောင်ပြင်ကုန်း အုပ်ချုပ်ရေးမှူးအမည်မှာ သန်းလင်းအောင် ဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
